လှိုင်းဘွဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ မူကြိုကလေးငယ်များနှင့် ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

လှိုင်းဘွဲ ဇူလိုင် ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မူကြိုကလေးငယ်များနှင့် အသက် (၅) နှစ်မှ အသက် (၁၈) နှစ်အတွင်း ကျောင်းသား၊ကျောင်းသူလေးများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းကို ယနေ့နံနက်ပိုင်းက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန  ဝန်ထမ်းများက  လှိုင်းဘွဲမြို့ပေါ်အနီး ကျေးရွာများမှ မူကြိုကလေးငယ်များနှင့် အခြေခံ ပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  တစ်ကြိမ်မှ ထိုးနှံခြင်း မရှိသေးသည့် ကလေးငယ်များအား ပထမအကြိမ်ထိုးနှံပေးခြင်းနှင့် ပထမအကြိမ်၊  ဒုတိယအကြိမ်ထိုးနှံပြီးခဲ့သော ကျောင်းသား၊ ကျောင်းသူများအား    ထပ်ဆောင်းကာကွယ်ဆေး (Booster dose) တို့ကို ထိုးနှံ ပေးခဲ့ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်း၍   ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

လင်းသန့်