ဘားအံ ဇူလိုင် ၂၆
ကရင်ပြည်နယ်သည် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းလာပါက မြစ်ရေ၊ ချောင်းရေများ မြင့်တက်လာကာ ရေကြီးရေလျှံမှု၊ မြေပြိုမှုကဲ့သို့သော သဘာဝဘေးအန္တရာယ်များကို နှစ်စဉ် ကြုံတွေ့ရလေ့ရှိသည့်အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကရင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခုနှစ်သည် ဝါထပ်သည့်နှစ်တစ်နှစ်ဖြစ်ပြီး ရာသီဥတုခန့်မှန်းချက်အရ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ပေါင်းစပ်ညှိနှိုင်း စီစဉ်ထားရမည့် လုပ်ငန်းများ၊ ကြိုတင်ကာကွယ်ရေး၊ ကူညီကယ်ဆယ်ရေး၊ နေရာချထားပေးရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန် ယခုအစည်းအဝေးကို ကျင်းပရခြင်း ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း သံလွင်၊ လှိုင်းဘွဲ၊ ဂျိုင်း၊ သောင်ရင်း၊ ဒုံသမိ၊ ဇမိ၊ ဟောင်သရော၊ မြစ်ကမ်းဘေးတစ်လျှောက်ရှိ မြို့ရွာများသည် နှစ်စဉ်ရေကြီးရေလျှံလေ့ရှိပြီး သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်များအလိုက် လိုအပ်သည့် လူအင်အား၊ စားနပ်ရိက္ခာ၊ ယာဉ်၊ ယန္တရား၊ အထောက်အကူ ပြုပစ္စည်းများကို အသင့်စုဖွဲ့၍ ရေ၊ မီး၊ မိလ္လာမှ အစ လစ်ဟင်းမှုမရှိအောင် စီမံပြင်ဆင်ထားဖို့လိုပြီး လူနှင့်ကျွဲ၊ နွား တိရစ္ဆာန်များကို ဘေးလွတ်ရာ ခိုလုံရာနေရာများသို့ ပြောင်းရွေ့ နေရာချထား ပေးနိုင်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ထားစေလိုကြောင်း၊ လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရေးနှင့် သဘာဝဘေးကျရောက်လာပါက မည်သည့်အမိန့်ကိုမျှ စောင့်ဆိုင်းစရာ မလိုဘဲ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးလုပ်ငန်း များကို ဆောင်ရွက်နိုင်ကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းအဖွဲ့ (၁၂) ဖွဲ့မှ အတွင်းရေးမှူးများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်လာသော ဘားအံ၊ သံတောင်ကြီး၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ မြဝတီ၊ ဖာပွန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် သဘာဝဘေး ကြိုတင်ကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ထားရှိမှု၊ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ထားရှိမှု၊ လူ၊ ယာဉ်၊ ယန္တရား၊ ရိက္ခာ၊ ဆေးဝါး စုဖွဲ့ပြင်ဆင်ထားမှု၊ ပြောင်းရွှေ့ နေရာချထားပေးနိုင်ရေး ဇာတ်တိုက်လေ့ကျင့်မှု အစရှိသည့် သဘာဝဘေး ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြကာ တက်ရောက်လာသော ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ဝိုင်းဝန်းအကြံပြု ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
ထိုသို့ ဆွေးနွေးချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး ကြိုတင်ပြင်ဆင်သည့်အပိုင်း၊ အရေးပေါ်တုန့်ပြန်သည့်အပိုင်းနှင့် ပြန်လည်ထူထောင်သည့်အပိုင်းတို့ကို သက်ဆိုင်ရာကဏ္ဍများအလိုက် အချိတ်အဆက်မိမိဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြား၍ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း