မုံရွာ ဇူလိုင် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး ၁၃၈၅-ခုနှစ်၊ အကြိမ်(၂၀)မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ဇူလိုင်လ ၂၆ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်း အတွင်းရှိ ချင်းတွင်းခန်းမတွင် ကျင်းပရာအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်၊ ဓမ္မပါရဂူကျောင်းတိုက် ပဓာနနာယက၊ အဘိဓဇမဟာရဌဂုရု ဘဒ္ဒန္တအရိယာလင်္ကာရ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိတ် သတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် ဆရာတော်၊ အရှင်သူမြတ်များမှ ရွတ်ပွားသရဇ္ဈာယ် ချီးမြင့်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေး ဆိုင်ရာများလျှောက်ထားကာ ဆရာတော်၊ သံဃာတော်များထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီးနှင့်တာဝန်ရှိသူများက သာသနာ့နွယ်ဝင် သီလရှင်ဆရာလေးများအား ဝတ်ရုံအထည်များ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်၊ မဟာဝိဇ္ဇာသိပ္ပံကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယ ဆရာတော်ကြီး ထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်များက အနုမောဒနာတရား နာယူကြည်ညိုပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ “ဗုဒ္ဓသာသနံ စိရံတိဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ယခုလှူဒါန်းဆက်ကပ်သည့် မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက် ၂၅၅ တိုက်၌ ဝါဆိုဝါကပ် တော်မူကြသော သံဃာ ၂၂၂၁ ပါးတို့အား ဝါဆိုသင်္ကန်း ၂၂၂၁ စုံနှင့် သီလရှင် ကျောင်း ၃၈ ကျောင်းတို့မှ သီလရှင်ဆရာကြီး ၁၀၄၃ ပါးတို့အား သီလရှင်ဝတ်စုံ ၁၀၄၃ စုံနှင့် ယင်းမာပင်မြို့နယ် ရွှေတောင်ဦးတိပိဋက ဓမ္မပါလမဟာဝီဟာရ ကျောင်းတိုက်မှ ရဟန်း ၃၀ ပါး၊ တောင်တန်း သာသနာပြုဒေသများဖြစ်သည့် ကလေးခရိုင်၊ တမူးခရိုင်၊ ခန္တီးခရိုင်နှင့် နာဂဒေသများမှ သာသနာပြုရဟန်း ၁၅၂ ပါး၊ သီလရှင်(၈)ပါးတို့အား လှူဒါန်းဆက်ကပ်ခြင်း ဖြစ်ရာ ယခုလှူဒါန်းမှုစုစုပေါင်းမှာ ဝါဆိုသင်္ကန်း ၂၃၇၃ စုံနှင့် သီလရှင်ဝတ်စုံ ၁၀၅၁ စုံ စုစုပေါင်းကာလ တန်ဘိုးငွေကျပ်သိန်း ၁၄၃၀ သိန်းအား စုပေါင်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)