ချောက် ဇူလိုင် ၂၆
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲရေးရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးနေမန်းက ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များသည် အလွယ်တကူ ဆွေးမြေ့ကြေပျက်မှု မရှိသည့်အတွက် ကမ္ဘာ့ရေထု၊ မြေထု၊ လေထုအား ညစ်ညမ်းစေခြင်း၊ အပင်များနှင့် သက်ရှိသတ္တဝါများအတွက် အန္တရာယ်ဖြစ်စေနိုင်ခြင်းများကို ဟောပြောခဲ့ပြီး ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ သိရှိလိုက်နာရန် ပလတ်စတစ်လျော့ချသည့် နည်းလမ်း များ ဆိုင်းဘုတ်စိုက်ထူခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အပတ်စဥ်တနင်္လာနေ့တိုင်း ဈေးရောင်း/ဈေးဝယ်ပြည်သူများ အားပလတ်စတစ်၊ ကြွပ်ကြွပ်အိတ်အစား အင်ဖက်၊ ငှက်ပျောဖက်၊ သတင်းစာစက္ကူစသည့် အခြားထုပ်ပိုးပစ္စည်းများဖြင့် အစားထိုးထုတ်ပိုးသုံးစွဲစေရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်မှုများအား ရှင်းလင်းဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ ချောက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စိုးလွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့ နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)