ဘားအံ ဇူလိုင် ၂၆
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတတိုးပွားစေရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်ခန့်က ဘားအံမြို့ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြေးမုံလင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခက်ခက်လွင်က လူငယ်များအတွက် ပညာရေးဟာအဓိကဖြစ်ကြောင်း၊ အသိပညာဗဟုသုတများရရှိရန် စာပေများကိုလည်းဖတ်ရှုလေ့လာရန် လိုအပ်ကြောင်း၊ စာပေ၏အကျိုးကျေးဇူး များကိုလည်းကောင်း၊ အမှတ်(၈) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုရုံး (ဘားအံ)မှ ရဲမှူး တင့်ဆွေက လူကုန်ကူးမှုပုံစံများ၊ လူကုန်ကူးမှုဖြစ်စေသော အဓိကအကြောင်းရင်းများ၊ လူကုန်ကူးခံရ ခြင်းကြောင့် ရရှိသော ဆိုးကျိုးများကိုလည်းကောင်း၊ အမှတ်(၃၁) မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ဘားအံ)မှ ရဲမှူးမျိုးသိန်းက မူးယစ်ဆေးဝါးအဓိပ္ပါယ်နှင့်အမျိုးအစားများ၊ မူးယစ်ဆေးဝါး သုံးစွဲရသည့် အကြောင်းရင်းများကို လည်းကောင်း အသီးသီးအသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ် စာစောင်များကို တက်ရောက်လာကြသည့် ကျောင်းသား/ ကျောင်းသူများက ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်