ပုသိမ် ဇူလိုင် ၂၆
ဧရာဝတီတိုင်းဒေသကြီးသည် Gasifier ဖြင့် လည်ပတ်သည့် ဆန်စက်အများဆုံးရှိရာ တိုင်းဒေသကြီးဖြစ်ပြီး Gasifier စက်ရုံမှ စွန့်ပစ်ပစ္စည်းများကြောင့် သဘာပတ်ဝန်းကျင်နှင့် မြစ်၊ ချောင်း၊ အင်း၊ အိုင်များရှိ ရေနေသတ္တဝါများ ထိခိုက်ပျက်စီးမှုများမရှိစေရေးအတွက် ဖျာပုံခရိုင်အတွင်း Gasifier ဖြင့်လည်ပတ်သည့် ဆန်စက်များအား ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးကြပ်မတ်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဖျာပုံမြိုု့နယ်၊ သလိပ်ကြီးကျေးရွာအုပ်စု၊ သလိပ်ကလေးကျေးရွာရှိ Dry Type System အား အသုံးပြု၍ Gasifier ဖြင့်လည်ပတ်နေသည့် ရွှေပြည်မိုးအဆင့်မြင့် ဆန်စက်သို့သွားရောက်စစ်ဆေးခဲ့ရာ တာဝန်ရှိသူများက Dry Type System ဖြင့်လည်ပတ်ခြင်းကြောင့် စပါးခွံမီးဖိုမှ ထွက်ရှိလာသော ဖွဲပြာများကို အအေးပေးစနစ်ဖြင့် အအေးခံပြီး လွန်စနစ်ဖြင့်သယ်ယူ၍ လေစိမ်းမဝင်စေရန် Air Lock စနစ်ထားရှိကာ ပြာဖမ်းကန်ဖြင့် ဖွဲပြာအခြောက်များကိုဖမ်းယူခြင်း၊ ကတ္တရာပါဝင်သည့်ဓါတ်ငွေ့များကို ရေဖျန်းဆလင်ဒါ ၄ လုံးဖြင့်သန့်စင်ပြီး ထိုမှတစ်ဆင့် လေစစ် သံ ဆလင်ဒါအိုး Filter ၃ လုံးဖြင့် ထပ်မံသန့်စင်စေ၍ ထွက်ရှိလာသည့် စပါးခွံဓါတ်ငွေ့ကို ပြင်ပလေ(အောက်စီဂျင်)နှင့် ရောစပ်လျှက် အင်ဂျင်၏ Gas Chamber သို့ပို့လွှတ်ပေးကာ အင်ဂျင်ကိုလည်ပတ်စေ၍ လျှပ်စစ်ထုတ်ယူခြင်း၊ စပါးခွံမီးဖိုအတွင်းတွင် ပြာနှင့်ရေ တိုက်ရိုက်ထိတွေ့မှုမရှိစေဘဲ ဖွဲပြာအခြောက် သီးသန့်ထွက်ရှိစေသည့် စနစ်ဖြစ်သဖြင့် ညစ်ညမ်းရေဆိုးထွက်ရှိမှု မရှိခြင်းတို့အား လိုက်လံရှင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က Gasifier စနစ်ဖြင့် ဆန်ကြိတ်ခွဲမှု လုပ်ငန်းအဆင့်ဆင့်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ထို့နောက် အဆိုပါစက်ရုံ၌ပင် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဟင်္သာတနည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်၊ မအူပင်နည်းပညာတက္ကသိုလ်နှင့် မအူပင်တက္ကသိုလ်တို့မှ ပါမောက္ခဌာနမှူးများ၊ ပညာရှင်များ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ “တိုင်းဒေသကြီးအတွင်း၌ Gasifierဖြင့် လည်ပတ်သည့်စက်ရုံ ၄၅၀ ကျော်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် လယ်ယာစိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ နှစ်စဥ် မိုးစပါးတင်း သိန်းပေါင်း ၄ ထောင်ကျော်ထွက်ရှိပြီး ယင်းတို့ကိုကြိတ်ခွဲရာမှ စပါးခွံ တန်ချိန် (၁၉)သိန်းခန့် ထွက်ရှိနေပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် စပါးခွံလောင်စာသုံး Gasifier အများဆုံးအသုံးပြုသည့် တိုင်းဒေသကြီးဖြစ်ပြီး လျှပ်စစ်လိုအပ်ချက်အတွက် တစ်ဖတ်တစ်လမ်းမှ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆန်စက်များအနေဖြင့် Gasifier အသုံးပြုလည်ပတ်၍ ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်သည်ကို တွေ့မြင်ရမှာဖြစ်ပြီး Gasifier အသုံးပြုလည်ပတ်သည့် ဆန်စက်များအနေဖြင့်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးကိုလည်း အထူးအလေးထား လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ စပါးခွံလောင်စာသုံး Gasifier စနစ်အသုံးပြု၍ လည်ပတ်နေကြသည့် စက်ရုံများစွာ ရှိသည့်အနက် အကောင်းဆုံးနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် လည်ပတ်နိုင်သည့် နည်းပညာများကို အသုံးပြုရမှာဖြစ်ပါကြောင်း၊ စပါးကြိတ်ခွဲရာမှ ထွက်ရှိသည့် စပါးခွံများအား လောင်စာတောင့် ထုတ်လုပ်ခြင်းဖြင့် သစ်တောပြုန်းတီးမှုကိုလည်း လျော့ကျစေမည်ဖြစ်ပါကြောင်း၊ Gasifier လုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာများ တိုးတက်ပြောင်းလဲရေးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးအတွက် ဌာနဆိုင်ရာများ၊ တက္ကသိုလ်များမှ ပညာရှင်များ၊ ကျွမ်းကျင်ပညာရှင်များမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း”လမ်းညွှန်အမှာစကားများ ပြောကြားခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ညနေပိုင်းတွင် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာ၊ ကဒုံကနိကြိုးဝိုင်း၊ အကွက်အမှတ် (၆၀)နှင့် ဂွေးချောင်းကြီးကျေးရွာ၊ ကဒုံကနိကြိုးဝိုင်း၊ အကွက်အမှတ် (၅၃)တို့တွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်၊ ၂၀၂၃ ခုနှစ် မိုးရာသီ ဒီရေတော သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ပြီး ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် အတူပျိုးပင်များအား စိုက်ပျိုးခဲ့သည်။ ထို့နောက် တိုင်းဒသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများမှ ဒီရေတောစိုက်ခင်းတွင် ပျိုးပင်များစုပေါင်းစိုက်ပျိုးနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပွဲတွင် သမဲ့ကြီး၊ ဗြူးရွှေဝါ၊ ကျန၊ လမု၊ အုန်းပျိုးပင်စုစုပေါင်း အပင် (၂၇၀၀)ခန့်စိုက်ပျိုးခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း ၂၀၂၃ ခုနှစ်၊ မိုးရာသီတွင် ဘိုကလေးမြို့နယ်နှင့် လပွတ္တာမြို့နယ်တို့၌ ဒီရေတောစိုက်ဧကစုစုပေါင်း(၂၄၀၀)ဧက စိုက်ပျိုးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)