ဝါးခယ်မ အောက်တိုဘာ ၁၃
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပ သွားမည်ဖြစ်ရာ ဝါးခယ်မမြို့နယ်အတွင်းရှိ မဲရုံအသီးသီး၌ တာဝန်ထမ်းဆောင်မည့် အထူးရဲ သင်တန်းသားများအား Ag Test Kit ဖြင့် ကိုဗစ် ၁၉ ရောဂါ ရှိ / မရှိ စစ်ဆေးပေးမှုကို ယနေ့နံနက် ၉ နာရီက ကျုံမငေးမြို့ တိုက်နယ်ဆေးရုံ၌ ပြုလုပ်ခဲ့သည်။
ယင်းသို့ Ag Test Kit ဖြင့် ကိုဗစ် ၁၉ ရောဂါ ရှိ / မရှိ စစ်ဆေးပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ကျုံမငေးမြို့၌ သင်တန်း တက်ရောက်နေသည့် အထူးရဲ သင်တန်းသား ၈၉ အား နှာခေါင်းတို့ဖတ်ရယူပြီး ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ရာ သင်တန်းသားအားလုံး ရောဂါပိုး မတွေ့ရှိကြောင်း သိရသည်။
အလားတူပင် ယမန်နေ့က ဝါးခယ်မမြို့နယ် အ.ထ.က (၂) ကျောင်း သင်တန်းခန်းမ၌ အထူးရဲသင်တန်းအား တက်ရောက်နေ့သည့် သင်တန်းသား ၁၃၀ အား နှာခေါင်းတို့ဖတ် ရယူပြီး ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေး ဆောင်ရွက်ခဲ့ရာ သင်တန်းသား အားလုံး ရောဂါပိုး မတွေ့ရှိကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်အတွင်းရှိ မဲရုံ ၃၃၃ ရုံ၌ တာဝန်ထမ်းဆောင်မည့် အထူးရဲ ၃၃၃ ဦးသည် ဝါးခယ်မ၊ ကျုံမငေး၊ ရွှေလောင်း၊ ငှက်ပျောချောင်း နယ်မြေလေးခု၌ အောက်တိုဘာ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ အထူးရဲသင်တန်းကို တက်ရောက် သင်ကြားလျက်ရှိပြီး ကျန်ရှိသော နယ်မြေနှစ်ခုရှိ အထူးရဲ သင်တန်း သားများ Ag Test Kit ဖြင့် ကိုဗစ် ၁၉ ရောဂါ ရှိ / မရှိ ဆက်လက် စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လွှမ်းသီဟ(ပြန်/ဆက်)