လှိုင်းဘွဲမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသ

လှိုင်းဘွဲ ဇူလိုင် ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လူကုန်ကူးမှု အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း(၁)၌ ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ   ဦးစီးအရာရှိ     ဦးစောသော်တာလင်းသန့်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ မွေးမြူကြရန်၊ စာဖတ်ခြင်းသည် အသိပညာဗဟုသုတရရှိမှု၊ ယဉ်ကျေးလိမ္မာလာမှု၊ အမူအကျင့်ကောင်းများကို ရရှိလာမည်ဖြစ်ကြောင်း၊ လူကုန်ကူးမှုသည် ကလေးငယ်များအား ပတ်မှတ်ထားဆောင်ရွက်နေသည်ဖြစ်၍ ကလေးငယ်များအနေဖြင့် သတိရှိရှိနေထိုင်ရမည်ဖြစ်ကြောင်း၊ လူကုန်ကူးခြင်း၏ ရည်ရွယ်ချက်၊ အပြုအမှုများ၊ နည်းလမ်းများ၊ ခေါင်းပုံဖြတ်ခြင်း၊ ကိုယ်အင်္ဂါအစိတ်အပိုင်းများထုတ်ယူခြင်း၊ အဓမ္မအလုပ်ခိုင်းခြင်း၊ ပြည့်တန်ဆာအဖြစ် အလုပ်ခိုင်းစေခြင်းနှင့်ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို  အသိပညာပေးဟောပြောခဲ့ကာ ကျောင်းသား၊ ကျောင်းသူများက လူကုန်ကူးမှုနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန   ဦးစီးအရာရှိ     ဦးစောသော်တာလင်းသန့်က အသေးစိတ်ပြန်လည်ရှင်းပြခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော အိမ်နီချင်းနိုင်ငံများနှင့် ပြည်ပနိုင်ငံများမှ လူကုန်ကူးခံရသူများ၏ မှတ်တမ်းဓါတ်ပုံများ၊ လူကုန်ကူးသူများ၏ အသုံးပြုသောနည်းလမ်းများ၊ သတိပြုရမည့်သူများ၊ လူကုန်ကူးမှုဖြစ်ပေါ်လာပုံ တွန်းအားချက်များ၊ လူကုန်ကူးမှု အစိတ်အပိုင်းများ၊ လူကုန်ကူးခံရနိုင်သူများ၊ ဆွဲဆောင်နိုင်သောအကြောင်းအရာများ၊  လူကုန်ကူးခံရသူကို အကူအညီပေးရမည့် လိုအပ်ချက်များ၊ လူကုန်ကူးမှု ဆိုင်ရာပြစ်မှုပြစ်ဒဏ်များ၊  လူကုန်ကူးမှုတိုက်ဖျက်ရေး အမျိုးသားအဆင့် (၅)နှစ်စီမံကိန်း၏ကဏ္ဍာများ၊ မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဆိုင်ရာ နည်းဗျူဟာများ စသည့်အကြောင်းအရာများကို ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရှိရသည်။   

စောဒိ(ပြန်/ဆက်)