ဘားအံ ဇူလိုင် ၂၅
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Noriko Takagi နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)၏ မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Noriko Takagi က ကရင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအတွင်း UNHCR ၏ လုပ်ငန်းအစီ အစဉ်များကို ရှင်းလင်းတင်ပြပြီး ကရင်ပြည်နယ်အတွင်းရှိ ထိခိုက်လွယ်သောပြည်သူများအပါအဝင် နေရပ်ရွှေ့ပြောင်းနေရသူများနှင့်ဌာနေပြန်များအတွက် မီးဖိုချောင်သုံး ပစ္စည်းများ၊ခြင်ထောင်၊ အမျိုးသမီးသုံးပစ္စည်းနှင့်အခြားပစ္စည်းများ စသည့် အစားအစာမဟုတ်သော ပစ္စည်းများဖြန့်ဝေပေးခြင်းအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ရေးနှင့်စပ်လျဉ်းသည့်အကြောင်းအရာများ၊ သဘာဝဘေးနှင့်အခြားဘေးဒုက္ခရောက်သူများ ကို လူထုဖွံ့ဖြိုးရေးစီမံချက်ဖြင့် ဆိုလာမီးတပ်ဆင်ခြင်းလုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေး၊ သောက်သုံး ရေရရှိရေးလုပ်ငန်းများကို အကူအညီပေးနိုင်ရေး အဓိကထားဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် က MOU သက်တမ်းတိုးဆဲကာလဖြစ်သည့်အတွက် သက်တမ်းတိုးပြီးပါက သက်ဆိုင်ရာစီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း၍ အကူအညီပေးနိုင်ရေး ချိတ်ဆက်ဆောင်ရွက်ပေးမည် ဖြစ် ကြောင်း၊ ပြည်နယ်အတွင်း လုပ်ငန်းများစတင်ဆောင်ရွက်ပါက လစဉ်အစီရင် ခံစာများတင်ပြပေး ရန်ပြောကြားပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ လိုအပ်သည် များလမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ပြည်နယ်အတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရန်နှင့် လယ်ယာလုပ်သားရှားပါးမှုအခက်အခဲကို ဖြေရှင်းနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ ဘားအံမြို့၊ အမှတ်(၂၀)စက်မှုလယ်ယာစခန်း၌ ကရင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေ ၁၅၁ ဒဿမ ၇၂၅ သန်းဖြင့် ကူဘိုတာခြောက် တန်းသွားကောက်စိုက်စက် ၅ စီး ဝယ်ယူထားရှိမှုအား သွားရောက် ကြည့်ရှုစစ်ဆေးကြသည်။
ထိုသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် ကရင်ပြည်နယ်စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မောင်သန်းနှင့် တာဝန်ရှိသူ များက ကောက်စိုက်စက်တစ်စီးလျှင် လယ်တစ်ဧကကို တစ်နာရီခန့်သာ စိုက်ပျိုးချိန် ကြာမြင့်မည်ဖြစ်ပြီး ပြည်နယ်အတွင်း မိုးစပါးစိုက်ဧကများသော ဘားအံမြို့နယ်အား သုံးစီး၊ လှိုင်းဘွဲမြို့နယ်အား နှစ်စီး၊ တစ်စီးလျှင် ၃၀၃ ဒဿမ ၄၅ သိန်းဖြင့် တောင်သူများကို အရစ်ကျပ်(သုံးနှစ်လေးရစ်)စနစ်ဖြင့် ပြန်လည်ရောင်းချ ပေးသွားရန်လျာထားကြောင်း ရှင်းလင်းတင်ပြကြရာပြည်နယ်ဝန်ကြီးချုပ်က ကောက် စိုက်စက်ကို တောင်သူများ ကျွမ်းကျင်ပိုင်နိုင် စွာကိုင်တွယ်အသုံးပြုတတ်စေရေး ယခုစက်မှုလယ်ယာစခန်း၌ပင် ကောက်စိုက်စက်ဝယ်ယူသည့် တောင်သူများအပါအဝင် သင်တန်းသား ၂၅ ဦးဖြင့် ကောက်စိုက်စက်မောင်းနှင်ထိန်းသိမ်းမှုနှင့် ပျိုးထောင်စိုက်ပျိုးမှု သင်တန်းကို ရက်သတ္တပတ်နှစ်ပတ်ကြာဖွင့်လှစ်သင်ကြားပေးရန် လမ်းညွှန်မှာကြားကာ ခြောက်တန်းသွားကူဘိုတာ ကောက်စိုက်စက်များနှင့် ဆက်စပ်ပစ္စည်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)