ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့် မိုးစပါးသီးနှံဧက ၂၉၆၈၃ ဧက စိုက်ပျိုးပြီးစီး

ပွင့်ဖြူ ဇူလိုင် ၂၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် မိုးသီးနှံလျာထားဧက ပြည့်မီစေရေးအတွက် ဇူလိုင်လဆန်းကစပြီး ကြိုးပမ်းစိုက်ပျိုးလျက်ရှိရာ ယနေ့အထိ မိုးစပါးသီးနှံ ၂၉၆၈၃ ဧက စိုက်ပျိုး ဆောင်ရွက်ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၃ - ၂၀၂၄ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံစေရေးအတွက် မိုးစပါးသီးနှံစိုက်ဧက ၆၉၉၄၃ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပြီး ဒေသခံတောင်သူများကို မိုးစပါးနှင့် အခြားမိုးသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဇွန်လ(၁၅)ရက်နေ့က စတင်၍ မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာအတွင်းရှိ လယ်ယာမြေစိုက်ခင်းများအရောက် စနစ်တကျ ဖြန့်ဝေပေးထားကြောင်း သိရသည်။   

"ယခုနှစ်  မိုးသီးနှံစိုက်ပျိုးရာသီမှာ ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားရေးနှင့် ဆန်စပါး စားနပ်ရိက္ခာဖူလုံပိုလျှံ စေရေးအတွက် ယခုလဆန်းပိုင်းကစပြီး ကြိုးပမ်းစိုက်ပျိုးနေကြပါတယ်။ ဒီဒေသမှာ တောင်သူတွေ အများဆုံးစိုက်ပျိုးတဲ့ စပါးမျိုးတွေကတော့ ဧရာမင်း ၊ ရတနာတိုး ၊ မနောသုခ ၊ ဆင်းသုခ ၊ ဧရာပဒေသာ ၊ ပေါ်ဆန်းရင် ၊ ပခန်းရွှေဝါ ၊ ချမ်းမြေ့မေ ၊ ဆင်းသိင်္ဂီ စတဲ့ စပါးမျိုးတွေကို အများဆုံး စိုက်ပျိုးကြပြီး စိုက်ပျိုးရေ အဆင်ပြေတဲ့အပြင် ရာသီဥတုလည်း မျှတကောင်းမွန်တဲ့အတွက် စပါးသီးနှံစိုက်ပျိုးရေးလုပ်ငန်းက အောင်မြင်ဖြစ်ထွန်းမှုလည်းရှိပါတယ်။ နောက်ပြီး ဒေသခံ တောင်သူတွေက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သတ်မှတ်လျာထားတဲ့ စပါးစိုက်ဧက ပြည့်မီစေရေးအတွက် မဲဇလီရေလွှဲ ဆည်ရေ ၊ မင်းဘူး(စကု) မြို့နယ်က အိုင်းမရေလွှဲဆည်ရေ ၊ လျှပ်စစ်ရေတင်စနစ် ၊ ရေစုပ်စက်စနစ် ၊ မိုးကောင်းသောက်စနစ်နဲ့ အခြား ဆည်/ကန်ငယ်များမှတစ်ဆင့် စိုက်ပျိုးရေကို အကျိုးရှိရှိ အသုံးချပြီး အားသွန်ခွန်စိုက် မိုးစပါးသီးနှံများကို ကြိုးပမ်း စိုက်ပျိုးခဲ့ကြလို့ ယနေ့အထိ မိုးစပါးသီးနှံစိုက်ဧက ၂၉၆၈၃ ဧက စိုက်ပျိုးပြီးစီးသွားပြီ ဖြစ်ပါတယ်။ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနကလည်း ဒေသခံတောင်သူတွေကို မိုးစပါးသီးနှံစိုက်ပျိုးရာတွင် တစ်ဧက ပန်းတိုင်အထွက်နှုန်းများ တိုးတက် စေဖို့အတွက် သက်ဆိုင်ရာနယ်မြေအလိုက် တာဝန်ခံကွင်းဝန်ထမ်းတွေက ကွင်းဆင်းကြီးကြပ်ပြီးတော့ စိုက်နည်းစနစ်နဲ့ သွင်းအားစု ပစ္စည်းသုံးစွဲနည်းစနစ်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးထားပါတယ်” ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား မဲဇလီရေလွှဲဆည်ရေဖြင့် မိုးစပါးနှင့် အခြားမိုးသီးနှံ စိုက်ပျိုးရာ၌ တောင်သူတစ်ဦးချင်းအလိုက် သီးနှံအထွက်နှုန်း ကောင်းမွန်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နယ်မြေအလိုက် ကွင်းတာဝန်ခံဝန်ထမ်းများက အနီးကပ် ကြီးကြပ်ကာ လိုအပ်သော စိုက်ပျိုးရေးဆိုင်ရာနည်းစနစ်များနှင့် သွင်းအားပစ္စည်း အချိုးကျသုံးစွဲနည်း စနစ်များကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးသဖြင့် ဒေသခံတောင်သူများအတွက် မိုးစပါးစိုက်ပျိုးရေး လုပ်ငန်း အဆင်ပြေလျက်ရှိကြောင်းနှင့် သတ်မှတ်လျာထားဧက ပြည့်မီစွာ စိုက်ပျိုးပြီးစီးနိုင်ရေးအတွက် ဒေသခံတောင်သူများက ကြိုးပမ်းစိုက်ပျိုးဆောင်ရွက်နေကြကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။   

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)