အောင်လံ ဇူလိုင် ၂၅
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးဆောင်၍ ပလတ်စတစ်ကြွပ်ကြွပ်အိတ် သုံးစွဲမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အ.ထ.က(၁) ရွှေရတုခန်းမတွင် ပြုလုပ်ခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်နှင့်အဖွဲ့ဝင်များ၊ သရက်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ခရိုင်တာဝန်ခံ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ ခရိုင်နှင့်မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာ/ဆရာမများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်က အဖွင့်အမှာစကားပြောကြားပြီး သရက်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ခရိုင်တာဝန်ခံ ဒေါ်ထားအိလွင်က စားသုံးရန်မသင့်သည့် ဖော်မလင်အကြောင်းအား ရှင်းလင်းဟောပြော ဆွေးနွေးခြင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဦးသက်လွင်က ပလတ်စတစ်ကြွပ်ကြွပ်အိတ် သုံးစွဲမှုလျှော့ချရေး ကိစ္စရပ်များ အကြောင်းအား ဟောပြောခဲ့ကြောင်း သိရသည်။
မျိုးသိန်း(ပြန်ဆက်)