နတ်မောက် ဇူလိုင် ၂၅
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၏ ကြီးကြပ်မှုဖြင့် မြို့မဈေးကြီးအတွင်း ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေးခြင်းနှင့် အင်ဖက်များ အခမဲ့ ဖြန့်ဝေပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် မြို့မဈေးကြီးအတွင်း အမှိုက်ကင်းပြီး သန့်ရှင်းသာယာလှပစေရေး ရည်ရွယ်ချက်များဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက ပလတ်စတစ်သုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးဆိုးကျိုးများ၊ ပလတ်စတစ်သုံးစွဲမှု လျော့ချရေးနည်းလမ်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စွန့်ပစ်ပစ္စည်းများလျော့ချရေးအတွက် ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းနှင့် လုပ်ငန်းအစီအစဉ်များ၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်ခြင်းနည်းလမ်းများ၊ ပြန်လည် အသုံးပြုခြင်းနည်းစနစ်များကို ဈေးရောင်း၊ ဈေးဝယ်မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ကြစေရေးအတွက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြေင်းနှင့် ပလတ်စတစ် ကြွပ်ကြွပ်အိတ်အစား စက္ကူ၊ အင်ဖက်၊ ငှက်ပျောဖက်များ ဖြန့်ဝေခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် ဈေးသာယာရေးကော်မတီဝင်များမှ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မူမူစန်း