ဒေးဒရဲ အောက်တိုဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မဲရုံမှူး၊ ဒုမဲရုံမှူးများ သင်တန်း ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀နာရီက မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဇော်ဝင်းက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ်အဖြစ် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားမှုအခြေအနေများ၊ မဲစာရင်းများ ကျန်ရှိမှုများအား ဆက်လက် ဆောင်ရွက်သွားမည့်အခြေအနေများ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများ သင်တန်းကို အောက်တိုဘာလ စတုတ္တပတ်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရေးနှင့် သင်တန်းနည်းပြများအနေဖြင့် မြို့နယ်ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်များအား အဖွဲ့(၃)ဖွဲ့ ဖွဲ့၍ သင်ကြားပို့ချပေးနိုင်ရေး ဆွေးနွေးခဲ့ရာ တက်ရောက်လာသူများက အပြန်အလှန် ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ မဲရုံမှူး၊ ဒုမဲရုံမှူးများ သင်တန်းကို အခြေခံပညာကျောင်းများဖြစ်သည့် အိုးဘိုကျောင်း၊ မြို့မကျောင်းနှင့် ဗိုလ်တဲကျောင်းတို့တွင် တစ်နေရာလျှင် သင်တန်းသား၊ သင်တန်းသူ (၃၀)ဦး၊ သင်တန်းကာလ (၁)ရက်စီဖြင့် အောက်တိုဘာလ (၂၀)ရက်နေ့မှ (၂၃)ရက်နေ့အထိ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)