နတ်မောက်မြို့၌ မိုးနှမ်းအထွက်နှုန်းတိုးတက်ရေး ဆင်းရတနာ (၅)ဧကစံပြကွက်တွင်  ရွက်ဖျန်းမြေဩဇာ အပင်အားဆေး ပက်ဖြန်းခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပ

နတ်မောက် ဇူလိုင် ၂၅

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကျေးရွာရှိ စိုက်ပျိုးရေးတောင်သူများ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက တံခွန်တိုင်ကျေးရွာ ကွင်းအမှတ်(၄၅၉)ရှိ တောင်သူဦးဘိုညို၏ ဆင်းရတနာ(၅)ဧက စံပြကွက်တွင် ရွက်ဖြန်းမြေဩဇာ စုပေါင်းပက်ဖြန်းပွဲ ကျင်းပခဲ့သည်။

အဆိုပါ ကွင်းသရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိက “ရွက်ဖြန်းမြေဩဇာ ပက်ဖြန်းပေးခြင်းဖြင့် သီးနှံအထွက်ကို သိသိသာသာတိုးစေတဲ့နည်းကတော့ ရွက်ဖြန်းအားဆေး ပက်ဖြန်းပေးခြင်း ဖြစ်ပါတယ်၊ မြေအတွင်း ထည့်ကျွေးခြင်းထက် ဖြန်းပက်ကျွေးခြင်းက ၁၂ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ ပိုမိုကောင်းမွန်ကြောင်း သိရပါတယ်၊ မြေဩဇာကို ရွက်ဖြန်းရည်အနေနဲ့ အသုံးပြုပါက မိမိပက်ဖြန်းလိုက်သည့် ပမဏာရဲ့ ၉၀ ရာခိုင်နှုန်းအထိ အကျိုးရှိစွာစုပ်ယူအသုံးချနိုင်ပါတယ်၊ သဲဆန်တဲ့ မြေများမှာဆိုရင် မြေဩဇာအဖြစ် မြေထဲသို့ မကျွေးဘဲ ရွက်ဖြန်းအဖြစ်အပင်ကို တိုက်ရိုက်ဖြန်းပေးခြင်းက ပိုမိုထိရောက်ပြီး အထွက်နှုန်းပိုစေပါတယ်” ဟု တောင်သူများအား အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက နှိုင်းမရ ရွက်ဖြန်းမြေဩဇာအရည်ဘူးကို တက်ရောက်လာကြသည့် တောင်သူများအား အခမဲ့ပေးအပ်ခဲ့ပြီး နှမ်းစိုက်ခင်းတွင် တောင်သူများဖြင့် ရွက်ဖြန်းမြေဩဇာကို စုပေါင်းပက်ဖြန်းပေးခဲ့ကြသည်။ အဆိုပါ ရွက်ဖြန်းမြေဩဇာစုပေါင်းပက်ဖြန်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေ/စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ကျေးရွာရှိ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း