နတ်မောက် ဇူလိုင် ၂၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးက ကျောင်းစည်းကမ်းနှင့် ကျောင်းကျန်းမာရေးအကြောင်း ပြောကြားခြင်းနှင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဆရာမကြီး ဒေါ်ခင်စန်းတင့်က ကျောင်းသား/သူများ ခန္ဓာကိုယ်ဖွံ့ဖြိုးစေရန် အာဟာရသုံးအုပ်စုဆိုင်ရာ အကြောင်းအရာများကို လည်းကောင်း၊ မိုးရာသီတွင် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှော ရောဂါများအကြောင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းမှုများရှိစေရန် ကဗျာများဖြင့် ရှင်းလင်းပြောကြား ခဲ့သည်။ ထို့နောက် မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနရှိ ဆရာမကြီးနှင့် ဝန်ထမ်းများက မူလတန်းကျောင်းသား/သူများအား ခန္ဓာကိုယ် ကျန်းမာရေး၊ သွားနှင့်တစ်ကိုယ်ရေကျန်းမာရေးများ စစ်ဆေးခြင်းများ ပြုလုပ်ပေးခဲ့သည်။ နတ်မောက်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲသို့ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရှိ ဆရာမများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ ဆရာမများ တက်ရောက်ပြီး ကျောင်းသား/သူများ စုစုပေါင်း (၇၀၀)ဦးအား ကျန်းမာရေးစစ်ဆေး ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှဝင်း