ပေါင်းတည်၌ ပန်းတိမ်မနိုင်ပန်းစိုက်သူများဝင်ငွေကောင်း

ပေါင်းတည် ဇူလိုင် ၂၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ပန်းတိမ်မနိုင်ပန်းများကို မြို့လုံးကျွတ်နီးပါးအိမ်ခြံဝင်းများတွင်လွန်ခဲ့သော နှစ်ပေါင်း ၄၀ ခန့်ကတည်းက စိုက်ပျိုးလာခဲ့ကြပြီး ဒေသထွက်ကုန်တစ်မျိုးအဖြစ် နှစ်စဉ်စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ခဲ့ရာ ယခုနှစ်ပန်းဦးပေါ်ချိန်က တစ်ခိုင်လျှင် ၅၀၀ ကျပ်အထိ စျေးရရှိခဲ့ကြောင်း သိရသည်။

သဘာဝတောပန်းမျိုးနွယ်ဝင်ဖြစ်သော ထိုပန်းသည်ကြာရှည်ခံသည့် ဂုဏ်သတ္တိထူးနှင့် လှပတင့်တယ်သောအသွင်သဏ္ဍာန်ထူးခြားမှုကြောင့် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့၏နေအိမ်ဘုရားခန်းများတွင် နေရာရရှိလာခဲ့ပြီး ဘုရားပန်းအဖြစ် စျေးကွက်ဝင်လာခဲ့သောပန်းမျိုးဖြစ်ကြောင်း၊ ပန်းပျိုးသူအချို့က ပန်းဥကိုအိုးဖြင့်ပျိုး၍ စိုက်ပျိုးကြသလို၊ အချို့ကမြေဘောင်များပြုလုပ်၍ စိုက်ပျိုးကြ​ကြောင်း၊ နွေရာသီကာလကတည်းက သစ်ရွက်ဆွေးပါဝင်သော သြဂဲနစ်မြေသြဇာများကြွေးကာ သိုလှောင်ထားသောနှစ်ချို့မိုးရေများပုံမှန်လောင်းပေးခြင်းဖြင့် သမရိုးကျပန်းပျိုးခင်းများထက်စောလျင်စွာ ပန်းဥမှအတက်များထွက်ကာ မိုးဦးကျ၌ပင် ပန်းခိုင်ချောချောများဖူးပွင့်ကာ ရန်ကုန်ပန်းစျေးကွက်တွင် စျေးဦးစျေးဖျား စျေးကောင်းရလေ့ရှိကြောင်း စီးပွားဖြစ်ပန်းစိုက်သူတစ်ဦးထံမှ သိရသည်။

ယနေ့ဒေသတွင်း ပန်းတိမ်မနိုင် ပန်းစျေးကွက်၌ ၁၀ ခိုင် တစ်စီးလျှင် ၁၅၀၀ ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကာ ပန်းစိုက်ပျိုးသူများအနေဖြင့်လည်း ပန်းစျေးကောင်းနေဆဲဖြစ်၍ အကျိုးစီးပွားဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

သူရကြီး(ပြန်/ဆက်)