သရက်မြို့၌ (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ဆုရ ကျောင်းသား/ကျောင်းသူများ ဆုချီးမြှင့်ပွဲကျင်းပ

သရက် ဖေဖော်ဝါရီ ၁

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နေ့လယ်(၂) နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင် ပြည်သူ့ စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာန (Community Centre)၌ ကျင်းပခဲ့ရာ ပြိုင်ပွဲဝင် ကျောင်းသား/ ကျောင်းသူများနှင့် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။

အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ဆွေက ပညာရေးဌာနနှင့် ပူးပေါင်း၍ လစဉ်ပြိုင်ပွဲများ ကျင်းပပေးရသည့် ရည်ရွယ်ချက်အား ပြောကြားပေးခဲ့ပြီး Book Club နာယက ဦးအောင်ကျော်စိုးက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံအကြောင်းကို ပြောကြားပေးခဲ့သည်။

ထို့နောက် ရုံးရပ်မူလတန်းကျောင်းနှင့် အမှတ်(၃) အခြေခံ ပညာအထက်ကျောင်းမှ ကျောင်းသား/ ကျောင်းသူ(၄) ဦးတို့မှ ကဗျာရွတ်ဆိုပေးခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရ ကျောင်းသား/ကျောင်းသူ(၂)ဦးအား  ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ဆွေနှင့် တာဝန်ရှိသူအသီးသီးက ဆုများ ချီးမြှင့်ပေးခဲ့သည်။ ယင်းနောက် ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူ(၂၉)ဦးအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)