တောင်တွင်းကြီး ဇူလိုင် ၂၅
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် သီလကျေးရွာမှ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသူများသည် မြေအောက်ရေကိုအသုံးပြု၍ ရှမ်းနံနံပင်စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
တောင်တွင်းကြီးမြိုနယ်သည် အပူပိုင်းဒေသဖြစ်ပြီး ရာသီဥတုအခြေအနေနှင့် ကိုက်ညီမှုရှိသည့်အတွက် ရှမ်းနံနံစိုက်ပျိုးရေးလုပ်ငန်းကို မိဘဘိုးဘွားများလက်ထက်ကတည်းက စိုက်ပျိုးလာခြင်းဖြစ်ကြောင်း၊ ရှမ်းနံနံကို ဒီဇင်ဘာလနှင့် ဇန်နဝါရီလတွင် စတင်စိုက်ပျိုးကြပြီး ဘောင်စနစ်တွင် မျိုးစေ့ကြဲပတ်စိုက်ပျိုးရကြောင်း၊ ဘောင်တစ်ကွက်လျှင် အရှည် (၁၂)တောင်၊ အနံ(၃) ပေထားရှိပြီး ဘောင်တစ်ခုနှင့်တစ်ခုအကြား လူသွားလမ်း(၁)ပေ ခြားထားကြောင်း၊ တစ်ဧကကို မျိုးစေ့(၂၄)ပြည်ခန့်ကြဲပတ်ရပြီး မျိုးစေ့တစ်ပြည်ကို ငွေကျပ်တစ်သိန်းဝန်းကျင်ပေးဝယ်ရကြောင်း၊ မျိုးစေ့ကြဲပတ်ပြီး မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ်ရေဖျန်းပေးရကာ အပင်ပေါက် အားကောင်း လာချိန်တွင် (၃)ရက်တစ်ကြိမ်ရေသွင်းပေးရကြောင်း၊ အဆောက်အဦ၊ မျိုးစေ့၊ လုပ်အားခ၊ သွင်းအားစုစားရိတ်အနေဖြင့် တစ်ဧကလျှင် သိန်း(၅၀)ခန့် ကုန်ကျကြောင်း၊ မျိုးစေ့ကြဲပြီး (၄)လအကြာတွင် စတင်နှုတ်ယူရကြောင်း၊ တစ်လကို (၁၅)ရက်ခန့် ဆက်တိုက် နှုတ်ယူ၍ (၁၅)ရက်ခန့် ပြန်နားရကြောင်း၊ တစ်နှစ်ပတ်လုံး နှုတ်ယူရောင်းချရကြောင်း၊ (၅)ပင် စည်းတစ်စည်းလျှင် (၁၀၀)ကျပ်ဖြင့် ဖောက်သယ် ပေးသွင်းရပြီး တစ်ခါခူးနှုတ်လျှင် (၅)ပင်စည်း အစည်း(၁၅၀၀)ခန့် ရရှိကြောင်း၊ (၁၅)ရက်တစ်ပတ်လျှင်(၂၂)သိန်း ဝန်းကျင်ခန့် ဝင်ငွေရရှိ ကြောင်း သီလကျေးရွာ ရှမ်းနံနံစိုက်ပျိုးသူများထံမှ သိရသည်။
စားဖိုဆောင်အတွက် လိုအပ်ချက်တစ်ခုဖြစ်သော ရှမ်းနံနံပင်သည် ဈေးကွက်ဝယ်လိုအား မပြတ်သည့်အတွက် တောင်တွင်းကြီးမှ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ လားရှိုး၊ မိတ္ထီလာ၊ ကျောက်ပန်းတောင်း၊ မကွေး၊ နတ်မောက်၊ မြို့သစ် စသည့်မြို့နယ်များသို့ ကုန်သည်ပွဲစားများ ထံမှ တဆင့် တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
အောင်ကို(ပြန်/ဆက်)