မင်းဘူး ဇူလိုင် ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လာစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကို ယမန်နေ့ ညနေ ၄ နာရီခွဲအချိန်က မင်းဘူး-အမ်းကာလမ်းမဘေးရှိ ရွှေနတ် တောင်ကျောင်းတိုက်ဝင်းအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စိုက်ပျိုးရာတွင် မင်းဘူးခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် သစ်တောဦးစီးဌာနတို့ပူးပေါင်းပြီး မင်းဘူး-အမ်းကားလမ်းမတစ်လျောက် လမ်းဘေးဝဲယာ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်၊ အရိပ်ရလေကာပင်များ ရရှိနိုင်စေရန်နှင့် သစ်ပင်စိုက်ပျိုးခြင်း အလေ့အကျင့် ကောင်းများရရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲအဖြစ် စိန်ပန်း၊ ငုဝါ၊ ခရေနှင့် တမာပျိုးပင်ပေါင်း (၁၀၀)ကို ဝန်ထမ်းများနှင့်အတူ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ထို့အပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများနှင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် အရိပ်ရလေကာပင်အဖြစ် တမာပျိုးပင်ပေါင်း (၂၅၀၀၀) ကို အခမဲ့ ဖြန့်ဝေပေးထားပြီး ရပ်ကွက်/ကျေးရွာအလိုက် လမ်းဘေးဝဲယာများတွင် စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)