ကန့်ဘလူ ဇူလိုင် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အမှတ်(၄)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ တစ်ကြိမ်တစ်ခါမျှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသော ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် ၉ နာရီခွဲက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက KG ၊ Grade- 1 ၊ Grade-2 ၊ Grade-3 နှင့် Grade- 4 တန်းတို့မှ တစ်ကြိမ်မျှ မထိုးနှံရသေးသူ ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာရေးစစ်ဆေးခြင်းများ၊ စာရင်းမှတ်တမ်းရေးသွင်းခြင်းများ ဆောင်ရွက်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို စနစ်တကျထိုးနှံပေးသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ကျောင်းသားမိဘများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ ဆရာမများက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးမျိုးဝင်းတို့က လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၅၅ ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)