စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်း ဖွင့်ပွဲအခမ်းအနား တက်ရောက်

မုံရွာ ဇူလိူင် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၊ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့တိုင်းဒေသကြီးသည် ပြည်နယ်နှင့်တိုင်းဒေသကြီးထဲတွင် ဒုတိယအကျယ် အဝန်းဆုံး တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး သွားလာလည်ပတ်စရာ ရေ၊ မြေ၊ တော၊ တောင် သဘာဝ အလှအပများ၊ ရှေးဟောင်းအမွေအနှစ် အနုလက်ရာများနှင့် စိတ်ဝင်စားစရာ ခရီးစဉ်ဒေသ အများအပြားရှိပြီးဖြစ်ပါကြောင်း၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဒေသခံ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ပေါများလာခြင်းနှင့် ခရီးသွားလုပ်ငန်းသည် ကဏ္ဍများစွာနှင့် ပတ်သက်ဆက်နွယ်မှုရှိသည့်အတွက် စားသောက်ဆိုင်များ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ အမှတ်တရပစ္စည်း MSMEs လုပ်ငန်းများအားလုံးကို တိုက်ရိုက်အကျိုး အမြတ်ရှိစေမှာဖြစ်ပါကြောင်း၊

ခရီးသွားလုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုလည်း အလေးထားဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း၊ တာဝန်ထမ်းဆောင်ရသည့် ဟိုတယ်/တည်းခိုရိပ်သာ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိမှသာ အဆင့်အတန်းအရည် အသွေးမြင့်မားသည့် ဟိုတယ်/တည်းခိုရိပ်သာများအဖြစ် နာမည်ရလာမှာ ဖြစ်ပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့် မိမိတို့လက်ရှိနေရာတွင် ရပ်နားမနေပဲ နောက်တစ်ဆင့် မြင့်သည့်ပညာရပ်များအား စဉ်ဆက်မပြတ် လေ့လာသင်ယူကြရန်နှင့် ဘက်စုံစွမ်းဆောင် ရည်ရှိနေရန်အတွက် ယခုလိုသင်တန်းမျိုးတွင် ကြိုးစားအားထုတ် လေ့ကျင့်သင်ကြားသွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ၊ အတွင်းရေးမှူး တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်မှ သင်တန်းဖွင့် လှစ်ရခြင်းနှင့်ပတ်သက်၍ လည်းကောင်း၊ ရန်ကုန်မြို့ MHTi သင်တန်းကျောင်းမှ သင်တန်း နည်းပြဆရာ ဦးကိုင်ဇာမှ သင်တန်းတွင်သင်ကြားပို့ချသွားမည့် ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဒေသဆိုင်ရာခရီး သွားလုပ်ငန်းကော်မတီ၏ အစီအစဉ်ဖြင့် ရိုက်ကူးထားသည့် “ ဇေယျာရွှေမြေသို့ ခရီးသွားခြင်း ” Video Click အား ကြည့်ရှုအားပေးကြပြီး သင်တန်းသား၊သင်တန်းသူများနှင့် စုပေါင်းမှတ် တမ်းတင် ဓါတ်ပုံရိုက်ကူးကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

အဆိုပါ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၊ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း ၂ မျိုးအား ရက်သတ္တပတ် ၂ ပတ်အကြာ စာတွေ့လက်တွေ့ သင်ကြားသွားမည်ဖြစ်ပြီး မုံရွာမြို့ပေါ်ရှိ ဟိုတယ်/တည်းခိုရိပ်သာ ၁၁ ခုမှ သင်တန်းသား၊သင်တန်းသူ ၅၂ ဦး တက်ရောက်သွားမည်ဖြစ် ကြောင်း သိရသည်။

 တိုင်းဒေသကြီး၊ (ပြန်/ဆက်)