တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ရှေးဦးပြုစုခြင်း (သာမန် အဆင့်) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

ထားဝယ် ဇူလိုင် ၂၅

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ရှေးဦးပြုစုခြင်း (သာမန်အဆင့်) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်တက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင်  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ရှေးဦးပြုစုခြင်း (First Aid) သည် ကြက်ခြေနီအသင်း၏ အဓိကကျသော လုပ်ငန်းဖြစ်ပြီး အာရောဂျံ ပရမံလာဘံကျန်းမာခြင်းသည် လာဘ်တစ်ပါးဖြစ်ကြောင်း၊  ရှေးဦးပြုစုခြင်းသည် လူသားခြင်း စာနာထောက်ထားသော လုပ်ဆောင်ချက် ဖြစ်ပြီး လူတစ်ဦးချင်းစီကိုသော်လည်းကောင်း၊ ရပ်ရွာလူထုကို သော်လည်းကောင်း၊  ထိခိုက်ဒဏ်ရာရရှိမှု အကာအကွယ်ပေးနိုင်ပြီး ဒါဏ်ရာရရှိသူများနှင့် နာမကျန်းဖြစ်သောသူများကို ချက်ခြင်းပြုစုပေးခြင်း ဖြစ်ကြောင်း၊ လူတစ်ဦးအသက်ရှင်သန်နိုင်ရေးအတွက်မိနစ်တိုင်းစက္ကန့်တိုင်းသည်အရေးကြီးကြောင်း၊ တစ်ဦး တစ်ယောက်ထိခိုက်ဒဏ်ရာရရှိပါက ရှေးဦးပြုစုခြင်း ပညာတတ်မြောက်ထားသူများမှ အချိန်တို အတွင်းကျွမ်းကျင်စွာ ပြုစုပေးခြင်းဖြင့် လူနာ၏အသက် ပြန်လည်ရှင်သန်လာစေရန် စွမ်းဆောင်ပေးနိုင်ခြင်း ဒါဏ်ရာအခြေအနေများကို လျော့နည်းသက်သာစေခြင်း ခန္ဓာကိုယ်မသန်စွမ်းဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိမှာဖြစ်ကြောင်း၊ ရှေးဦးပြုစုခြင်း (သာမန်အဆင့်) ကို ဖွင့်လှစ်နိုင်ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူမိကြောင်း၊ နိစ္စဓူဝတွေ့ကြုံလာနိုင်သော ထိခိုက်မှုအန္တရာယ်များကို ကာကွယ်စောင့်ရှောက်ရန်အတွက် ယခုဖွင့်လှစ်မည့် ရှေးဦးပြုစုခြင်း (သာမန်သင်တန်း) သည် တဖက်တလမ်းမှ အထောက်အကူ ပြုစေနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး တိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းက နှုတ်ခွန်းဆက်စကား ပြောကြားပြီး ထားဝယ်တက္ကသိုလ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ၊ ရူပဗေဒဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာညိုညိုက သင်တန်းဖွင့်လှစ်ရခြင်းအတွက် ကျေးဇူးတင်စကား ပြောကြားသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ရှေးဦးပြုစုခြင်း (သာမန်အဆင့်) သင်တန်းကိုဇူလိုင် ၂၈ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမှာဖြစ် ကြောင်းသိရသည်။

ဆက်လက်၍ လောင်းလုံးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ထားဝယ်တက္ကသိုလ်ရှိ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ ကျောင်းသား/သူများ၏ ကိုယ်ရေး အချက်အလက်များကို (Biographic) နှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric) ကောက်ယူနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများက ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး