မြစ်ဆုံ ခရီးစဉ်ဒေသအား မြစ်ကြီးနားမြို့၏ ခရီးသွားပြယုဒ်တစ်ခုဖြစ်လာစေရေး ဌာနဆိုင်ရာများ၏ ကွင်းဆင်းတွေ့ရှိချက်များ၊ အကြုံပြုချက်များနှင့် သဘောမှတ်ချက်များအပေါ် လုပ်ငန်းညှိနှိုင်းစည်းဝေး

မြစ်ကြီးနား ဇူလိုင် ၂၅

ဧရာဝတီမြစ်အဖြစ် စတင်မြစ်ဖျားခံစီးဆင်းရာ၊ မေခနှင့် မလိမြစ်ပေါင်းဆုံရာ ဒေသဖြစ်သည့် မြစ်ဆုံဒေသအား မြစ်ကြီးနားမြို့၏ ခရီးသွားပြယုဒ်တစ်ခုအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် စီမံဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာများ၏ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့မှုများအပေါ် တွေ့ရှိချက်များ၊ အကြုံပြုချက်များနှင့် သဘောထားမှတ်ချက်များနှင့် စပ်လျဉ်း၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂၅ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်၏ ရေမြေတောတောင်သဘာဝအလှများကိုအခြေခံ၍ ပြည်တွင်း/ ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင် ရေး ရှိရင်းစွဲခရီးစဉ်ဒေသများအား အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးနှင့် ခရီးစဉ်ဒေသများကို စနစ် တကျရေးဆွဲအကောင်အထည်ဖော်ပြီး စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ နိုင်ငံသားအားလုံးနှင့် သက်ဆိုင်ရာ ဧရာဝတီမြစ်ဆုံဒေသအား ခရီးသွားပြယုဒ်တစ်ခု အဆင့်မြှင့်တင်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြစ်ဆုံဒေသ၏ ရှိရင်းစွဲ မူလသဘာဝအလှအပများကို ပျက်စီးဆုံးရှုံးမှု မရှိစေဘဲ သန့်ရှင်းသပ်ယပ်စွာဖြင့် ပြည်တွင်း/ ပြည်ပခရီးသွားများ ဆွဲဆောင်နိုင်ရေးအားလုံးက ဝိုင်းဝန်းကြိုးစား အကောင်အထည်ဖော်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ကချင်ပြည်နယ်ခရီးသွားလုပ်ငန်းစဉ်များအသင်းဥက္ကဋ္ဌ ဦးတူးခေါင်က မြစ်ဆုံခရီးစဉ်ဒေသအတွက် အဆင့်မြှင့်တင်ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ ပထမ (၅) နှစ်တာကာလနှင့် ဒုတိယ (၅) နှစ်တာကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများကိုလည်းကောင်း၊ ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးခိုင်ဦးက မြစ်ဆုံခရီးစဉ်ဒေသအဆင့်မြှင့်တင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာပေါင်းစုံ ပါဝင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့၏ (၁၆.၇.၂၀၂၃)ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့သော တွေ့ရှိ ချက်များ၊ အကြံပြုချက်များနှင့် သဘောထားမှတ်ချက်များကို ပါဝါပွိုင့်ဖြင့် လည်းကောင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများကလည်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် ဥပဒေ/ နည်းဥပ‌ဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ အသီးသီး သုံးသပ် ရှင်းလင်းတင်ပြကြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မြစ်ဆုံဒေသသည် ပြည်နယ်၏ ပြယုဒ် တစ်ခုဖြစ်သကဲ့သို့ ပြည်ထောင်စု၏ ပြယုဒ်တစ်ခုလည်းဖြစ်သည့်အတွက် လုပ်ငန်းစီမံကိန်းများကို အပိုင်းအလိုက် သက်ဆိုင်ရာဌာနများ၏ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ အကောင် အထည်ဖော်ဆောင်ရွက်ကြရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ဧရာဝတီမြစ်ဆုံဒေသသည် မြစ်ကြီးနားမြို့နှင့် (၂၈) မိုင်ခန့်ကွာဝေးပြီး မော်တော်ယာဉ် ဖြင့် သွားမည်ဆိုပါက (၁) နာရီခွဲကျော် အချိန်ကြာမြင့်ဖြစ်သဖြင့် ခရီးသွားများ လွယ်ကူစွာသွားလာနိုင် သည့်အပြင် ယနေ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြစ်ဆုံဒေသ အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် ပထမ (၅)နှစ်တာကာလအတွင်း မြစ်ဆုံသွားလမ်းနှင့် မြစ်ကြီးနား-ဆွမ်ပရာဘွမ် (ပြည်ထောင်စု လမ်းမကြီး) လမ်းဆုံနေရာတွင် ကချင်တိုင်းရင်းသားတို့၏ ရိုးရာအမွေအနှစ်၊ အထိမ်းအမှတ်များ ပါဝင်သည့် မုဒ်ဦးတည်ဆောက်ခြင်း၊ မြစ်ဆုံသွားလမ်း အဆင့်မြှင်တင်ခင်းကျင်းဆောင်ရွက်ခြင်း၊ မြစ်ဆုံဧရိယာအတွင်း ကျယ်ဝန်းသည့် ကားပါကင် တည်ဆောက်ခြင်း၊ ဟောခန်းမ၊ ရိုးရာစားသောက် ဆိုင်၊ မြစ်ဆုံကျောက်ဖြင့် အလှဆင်ခြင်းလုပ်ငန်းဖော်ထုတ်ပြသခြင်း၊ မြေယာရှုခင်းပြုပြင်၍ အလှပန်း ဥယျာဉ်ဆောင်ရွက်ခြင်းနှင့် ကလေးကစားကွင်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ပြည်နယ် (ပြန်/ဆက်)