မိုးညှင်းမြို့၌ ဟဲလုံခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်းကော်မတီအစည်းအဝေး ကျင်းပ

မိုးညှင်း ဇူလိုင် ၂၅

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ဟဲလုံခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း ကော်မတီအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ အစည်းအဝေးတွင် မြို့နယ်ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်းကော်မတီဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အတွင်းရေးမှူး ဦးဌေးမြင့်က ဟဲလုံခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်ရေး စီမံချက်ပါ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပါဝါပွိုင့်ဖြင့် ဆွေးနွေးပြောကြားသည်။

ထို့နောက် အစည်းအဝေးတွင် တက်ရောက်လာကြသည့် ခေတ်မီစံပြကျေးရွာထူထောင်ရေး စီမံကိန်းကော်မတီအဖွဲ့ဝင်များက ၎င်းကျေးရွာမှတင်ပြချက်များအပေါ် ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ရမည့် စီမံကိန်းလုပ်ငန်းများနှင့် လိုအပ်ချက်များကို သက်ဆိုင်ရာကဏ္ဍာများအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်းကော်မတီဥက္ကဋ္ဌက လုပ်ငန်းအလျဉ်အမြန် ဖော်ဆောင်နိုင်ရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ရွှေမိုးညှင်း(ပြန်/ဆက်)