မြောင်းမြခရိုင် Community Centre တွင် အသေးစား၊ အငယ်စား၊ အလတ်စား  စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး အသိပညာပေး Talk Show ပြုလုပ်

မြောင်းမြ  ဇူလိုင်  ၂၄

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင်  ယနေ့နံနက် ၁၀:၀၀ နာရီအချိန်က အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးနှင့် ဟာလဝါလုပ်ငန်းရှင်တစ်ဦးတို့ကို ဖိတ်ခေါ်ပြီး အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး အသိပညာပေး Talk Show ကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show တွင် မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်း၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိန္ဒြာချမ်းမြေ့၊ ရွှေနန်းတော်ဝင်မယ် ဟာလဝါလုပ်ငန်းရှင် ဒေါ်နန့်ယဥ်ယဥ်အေးတို့က အသေးစားစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်ရန် လိုအပ်သည့်အချက်များ၊  မှတ်ပုံတင်ထားခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊ ဌာနအနေဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍  လက်ရှိလုပ်ကိုင် ဆောင်ရွက်နေမှုများ၊ လုပ်ငန်းရှင်အနေဖြင့် ထုတ်ကုန်အတွက် ကုန်ကြမ်းပစ္စည်းရရှိမှုများ၊ ထုတ်ပိုးမှု အဆင့်မြှင့်တင်ခြင်းဖြင့် ရောင်းအားမြှင့်တက်ခြင်းကို အထောက်အကူပေးမှုများ၊ နိုင်ငံတော်၏ ကူညီပံ့ပိုးမှုဖြစ်သော နိုင်ငံစီးပွားရန်ပုံငွေမှ ချေးငွေရယူထားပြီး လုပ်ငန်းအဆင့်မြှင့်တင်ရန် ကြိုးစားဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် အသိပညာပေး Talk Show များ၊ ဟောပြောပွဲများ၊ စာဖတ်ဝိုင်းများ၊ စာအုပ်စာစောင်ပြပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြောင်းမြခရိုင်(ပြန်/ဆက်)