တနင်္သာရီမြို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ခြင်း ပြုလုပ်

တနင်္သာရီ  ဇူလိုင် ၂၅

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သကျက်ကျေးရွာအုပ်စု၊ တောင်ဘိန်း(၁)ကျေးရွာအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် အများသဘောဆန္ဒအရကော်မတီဝင်ရွေးချယ်ခြင်းကို ယနေ့နံနက် ၁၁ နာရီ အချိန်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမအတွင်း ပြုလုပ်ကြောင်း သိရသည်။

၎င်းအခမ်းအနားတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ခေတ္တမြို့နယ်ဦးစီးမှူး  ဒေါ်သူဇာမိုးက သကျက်ကျေးရွာအုပ်စု၊ တောင်ဘိန်း(၁)ကျေးရွာကော်မတီဝင်များအား ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) အကောင်အထည်ဖော်ဆောင်ရွက်ပေးရခြင်း ရည်ရွယ်ချက်များ၊ ကော်မတီဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ စီမံကိန်းကော်မတီဝင်များ၏ တာဝန်ဝတ္တရားများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေတွင် ပါရှိသော ကျေးရွာသူ/သားများလိုက်နာရမည့် တာဝန်များနှင့် ရပိုင်ခွင့်များကို ရှင်းလင်းပြောကြားပြီး ကော်မတီ(၇)ဦးကို အများသဘောဆန္ဒအရ ရွေးချယ်ဖွဲ့စည်းကြကြောင်း သိရသည်။

အဆိုပါ ကော်မတီဝင်(၇)ဦးတို့မှ မိမိတို့ကျေးရွာတွင် နှစ်အလိုက် ဦးစားပေး အကောင်အထည်ဖော် လိုသော လုပ်ငန်းများ၏ အချက်အလက်များ ကောက်ယူရေးနှင့် ဖြည့်သွင်းရမည့် ဇယားပုံစံများ မှန်ကန်စွာ ဖြည့်သွင်းကောက်ယူနိုင်ရေးအတွက် မြို့နယ်စီမံကိန်းတာဝန်ခံများက နှစ်အလိုက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်မှု အစီအစဉ် (Annual Village Investment Programme )(AVIP) ရက်တို သင်တန်းကိုလည်း ပို့ချပေးခဲ့ကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)