ထားဝယ် ဇူလိုင် ၂၅
ထားဝယ်တက္ကသိုလ်နှင့် ဂျပန်နိုင်ငံ တိုကျိုမက်ထရိုပိုလီတန်တက္ကသိုလ်တို့အကြား နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်တက္ကသိုလ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ထားဝယ်တက္ကသိုလ်နဲ့ ဂျပန်နိုင်ငံ၊ တိုကျိုမက်ထရိုပိုလီတန် တက္ကသိုလ် ၂-ခုကြား နားလည်မှုစာချွန်လွှာ (MoU)ရေးထိုးနိုင်ခဲ့ခြင်းသည် ထားဝယ်တက္ကသိုလ်သာမက တိုင်းဒေသကြီးအတွက်ပါ ဂုဏ်ယူစရာဖြစ်ကြောင်း၊ တက္ကသိုလ်၂-ခု ပူးပေါင်းကာ သုတေသနဆောင်ရွက်နိုင်ပြီး ရလဒ်ကောင်းများရရှိလာမည်ဟုယုံကြည်ကြောင်း၊နိုင်ငံတကာနှင့် ချိတ်ဆက် လုပ်ဆောင်ရသောကြောင့် အတွေ့အကြုံသစ်များလည်းရရှိလာမှာဖြစ်ကြောင်း၊ တနင်္သာရီတိုင်းသည် ကမ်းရိုးတန်းဒေသဖြစ်၍ ငါး၊ ပုဇွန်၊ ကင်းမွန် အစရှိတဲ့ ရေသတ္တဝါများနှင့် ရေထွက်ပစ္စည်းများ၊ ကွမ်းသီး၊ ဆီအုန်း၊ ရာဘာစသည့်စိုက်ပျိုးရေးထွက်ကုန်များ၊ ငါးပိ၊ ငါးခြောက်လုပ်ငန်း၊ ဂဏန်းပျော့မွေးမြူရေး၊ ပုဇွန်ဖြူ မွေးမြူရေး၊ ခရုမဲမွေးမြူရေး စတဲ့လုပ်ငန်းများလည်း အောင်မြင်လျက်ရှိကြောင်း၊ မြန်မာ့ပညာရေးပန်းတိုင်သည်လည်း Life Long Learning Society ဖြစ်စေရန် အခြေခံနှင့်အဆင့်မြင့်ကဏ္ဍပါ ကြိုးစားပြီး ထူးချွန်ထက်မြက်သောသူများကို မွေးထုတ် ပေးရမှာဖြစ်ကြောင်း၊ မြေပေါ်မြေအောက်သယံဇာတပေါကြွယ်ဝသော တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရန် တိုင်းဒေသကြီး၏ မြို့တော်ထားဝယ်ခရိုင်မှာ တည်ရှိသည့် ထားဝယ်တက္ကသိုလ်ကနေပြီး သုတေသနတွေများစွာ လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ ယနေ့ရေးထိုးသော နားလည်မှုစာချွန်လွှာ (MoU) မှတစ်ဆင့် မြန်မာနိုင်ငံတွင် အရည်အသွေးပြည့်ဝသော သုတေသနကောင်းများ ပေါ်ထွက်လာပြီး တိုင်းဒေသကြီးကိုလည်း အထောက်အကူပြုမည့် MSME လုပ်ငန်းများတိုးတက်ဖွံ့ဖြိုးစေမည့် သုတေသနရလဒ်များ ပေါ်ထွက်လာမည်ဟု ယုံကြည်ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် သတ္တဗေဒဌာနမှူးဒေါက်တာ ဥမ္မာမင်းက ထားဝယ်တက္ကသိုလ်နှင့် ဂျပန်နိုင်ငံ တိုကျို၊ မက်ထရိုပိုလီတန်တက္ကသိုလ်တို့အကြား နားလည်မှုစာချွန်လွှာရေးထိုးမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် သတ္တဗေဒဌာနမှူးတို့က နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးကာ ပါမောက္ခချုပ်ဒေါက်တာသန်းသန်းဦးက ဝမ်းမြောက်ဂုဏ်ယူ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)