ပွင့်ဖြူ ဇူလိုင် ၂၅
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ဦးစီးမှူးရုံးက e-ID စနစ် အသုံးပြု၍ နိုင်ငံသားတစ်ဦးချင်း၏ ကိုယ်ရေးအချက်အလက်(Biographic)နှင့် ဇီဝဆိုင်ရာ အချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးသိပ္ပံကျောင်းသို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများ၏ ဇီဝဆိုင်ရာကိုယ်ရေးအချက်အလက်များကို စနစ်တကျ ကောက်ယူဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကောက်ယူရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပွင့်ဖြူမြို့နယ် ဦးစီးမှူး ဦးညွန့်ဝင်းထူး က ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးသိပ္ပံကျောင်းရှိ ကျောင်းသားကျောင်းသူများအား e-ID စနစ် အသုံးပြု၍ ကိုယ်ရေးအချက်အလက်(Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ လိုအပ်သည့်အထောက်အထားများနှင့် ရရှိခံစားရမည့် အကျိုးကျေးဇူးများကို ဦးစွာရှင်းလင်းဆွေးနွေးပြောကြားပြီး ဝန်ထမ်းများအဖွဲ့က ဦးတည်အုပ်စုအလိုက် အမည်စာရင်းရယူထားသည့် ကျောင်းသား ၅၂ ဦး၊ ကျောင်းသူ ၃၈ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၉၀ ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ယူဆောင်လာစေပြီး Biographic Data နှင့် Biometric Data များကို စနစ်တကျ ကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး မတူညီဂဏန်း (၁၀)လုံး ပါဝင်သည့် Unique ID နံပါတ်သတ်မှတ်ကာ ကတ်ပြားများကို စနစ်တကျ ထုတ်ပေးခဲ့ကြသည်။
အဆိုပါ ကျောင်းသား၊ ကျောင်းသူများအား e-ID စနစ် အသုံးပြု၍ ကိုယ်ရေးအချက်အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်း ကွင်းဆင်း ဆောင်ရွက်ပေးနေမှုအား ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ e-ID စနစ်အသုံးပြု၍ နိုင်ငံသားတစ်ဦးချင်းစီ၏ ဇီဝဆိုင်ရာ ကိုယ်ရေးအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းကို ဇွန် (၂၀)ရက်နေ့ကစပြီး မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က ဦးတည်အုပ်စုများခွဲ၍ နေ့စဉ် ကောက်ယူဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ဇီဝဆိုင်ရာကိုယ်ရေးအချက်အလက် ကောက်ယူပြီးစီးမှုအနေဖြင့် စုစုပေါင်း လူဦးရေ ၃၇၂၅ ဦးအထိ ကောက်ယူပြီးစီးသွားပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပွင့်ဖြူမြို့နယ် ဦးစီးမှူး ဦးညွန့်ဝင်းထူးထံမှ သိရသည်။
ထိုသို့ နိုင်ငံသားတစ်ဦးချင်းစီ၏ ဇီဝဆိုင်ရာ ကိုယ်ရေးအချက်အလက်များကို ကောက်ယူဆောင်ရွက်ပေးခြင်းဖြင့် ပြည်သူများ၏ လူမှုစီးပွားရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူမြန်ဆန် လာစေရန်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများကို စိစစ်နိုင်သည့် တစ်ခုတည်းသောနံပါတ် Unique ID ထုတ်ပေးရန်၊ Online စနစ်ဖြင့် ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ်တစ်ခု တည်ဆောက်သွားနိုင်မည်ဖြစ်၍ အကျိုးကျေးဇူးများစွာ ရရှိစေမည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )