ပေါက်ခေါင်း ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်မိုးစပါးစိုက်ပျိုးရန် ၄၆၇၅၇ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိပြီး၊ ယခုဇူလိုင်လ ၂၀ ရက်နေ့အထိ မိုးစပါး ၄၅၆၁၅ ဧက၊ရာခိုင်နှုန်းအားဖြင့် ၉၇ ဒသမ ၅၆ ရာခိုင်နှုန်းစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပေါက်ခေါင်းမြို့နယ်၌ ယခုနှစ်မိုးစပါးဧကပြည့်မီ ကျော်လွန်အောင်စိုက်ပျိုးမည်ဖြစ်ပြီး၊ ဒေသရာသီဥတုနှင့် ကိုက်ညီသည့်အထွက်နှုန်းကောင်းမွန်သော မျိုးကောင်းမျိုးသန့်စပါးမျိုးများကို ပြောင်းလဲစိုက်ပျိုးကြပြီး၊ တောင်သူများအနေဖြင့် ရတနာတိုး၊ မှော်ဘီဆန်း၊ မနောသုခနှင့် GW-11 မျိုးစပါးများကို အများဆုံးစိုက်ပျိုးကြသည်။ မိုးစပါးစိုက်ပျိုးရာတွင် တောင်သူများအနေဖြင့် ပျိုးထောင်စိုက်ပျိုးခြင်း၊ သတန်ကြဲပက်စိုက်ပျိုးခြင်း၊ မျိုးစေ့ချကိရိယာဖြင့် အစေ့ချစိုက်ပျိုးခြင်းများကို နေရာဒေသအလိုက်အမျိုးမျိုးစိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် သတန်ကြဲခင်းစနစ်ဖြင့် ၁၄၉၆၂ ဧက၊Drum Seeder (မျိုးစေ့ချကိရိယာ)ဖြင့် ၁၁၄၅၆ ဧက၊ ပျိုးထောင်စိုက်ပျိုးနည်းဖြင့် ၁၉၁၉၇ ဧက ၊စုစုပေါင်းစိုက်ပျိုးဧက ၄၅၆၁၅ ကို တောင်သူများ၏လယ်မြေများတွင် စိုက်ပျိုးထားရှိပြီး၊ စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက ကျေးရွာတောင်သူများနှင့်ပူးပေါင်း၍ ပိုးမွှားကင်းစင်ရေးနှင့်လိုအပ်သည့် နည်းပညာများကို ပံ့ပိုးကူညီပေးလျက်ရှိကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ ဆက်)