လိပ်သိုဒေသတွင် မိုးစပါးများ စုပေါင်းစိုက်ပျိုး

လိပ်သို ဇူလိုင် ၂၅

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့၍ မိုးရေလုံလောက်စွာရရှိသော တောင်ပေါ်ဒေသ လယ်ယာမြေများတွင် တောင်သူများ မိုးစပါးကို စုပေါင်းစိုက်ပျိုးလျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

လယ်ယာမြေအချို့မှာ စိုက်ပျိုးပြီးစီးနေပြီဖြစ်သော်လည်း အချို့တောင်သူများ၏ လယ်ယာမြေများမှာ စိုက်ပျိုးနေဆဲဖြစ်ပြီး စိုက်ပျိုးရန် ကျန်ရှိနေသော လယ်ယာမြေအနည်းငယ်သာရှိတော့ကြောင်း သိရသည်။

တောင်သူအများစုမှာ ခေတ်မီလယ်ယာသုံး စက်ကိရိယာများကို ပိုင်ဆိုင်သုံးစွဲနိုင်ခြင်း မရှိသေးခြင်း၊  ငှားရမ်းသုံးစွဲနေရ၍ အချိန်ကြန့်ကြာခြင်း၊ တောင်ပေါ်ဒေသ လယ်ယာမြေ ဖြစ်သောကြောင့် မြေပြန့်လယ်ယာမြေများကဲ့သို့ မြန်မြန်ဆန်ဆန် ထွန်ယက်လုပ်ကိုင်နိုင်မှု မရှိခြင်းတို့ကြောင့် အချိန်စော၍ မိုးရေလုံလောက်စွာရရှိသော်လည်း စိုက်ပျိုးမှုနှောင့်နှေးနေကြရခြင်းဖြစ်ကြောင်း တောင်သူများထံမှ သိရသည်။

ဒေသခံတောင်သူများမှာ၊ ဆင်းသုခ၊ (၂၀၃) ရွှေရင်အေး စပါးမျိုးများအပြင် ယခင်ကာလများက စိုက်ပျိုးခဲ့ကြသော ကယားသယ်၊ ကောက်ဖယောင်း၊ ကုလားကြီး၊ ယာကျော်လုံးပု စသည့် ဒေသစပါးမျိုးများကိုလည်း ယခုတိုင် စိုက်ပျိုးလျက်ရှိနေကြသေးကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)