ဝါးခယ်မ ဇူလိုင် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ်(၇၈) စက်မှုလယ်ယာစခန်းမှ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို အူကျွန်းကျေးရွာ တောင်သူဦးအောင်မျိုးသိုက်၏ ကွင်းအမှတ်(၁၀၁၅)၊ ဦးပိုင်အမှတ်(၃၆/၅)ရှိ လယ်မြေ ၃ ဧကတွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်း၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြှင့်မားရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တောင်သူများတက်ရောက်ခဲ့ကြောင်း၊ စက်မှုလယ်ယာဦးစီးဌာန၊ မြောင်းမြခရိုင် စက်မှုလယ်ယာဦးစီးမှူး ဦးမျိုးမြင့်ဦးမှ တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် တောင်သူ များအား ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်းကြောင့် လုပ်အားနှင့် လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှု သက်သာခြင်း၊ ပျိုးထောင်ဧရိယာ အနည်းငယ်သာလိုအပ်ခြင်း၊ သန်မာ၍ရောဂါကင်းသောပျိုးပင်များ ရရှိခြင်း၊ ပင်ပွားနှုန်းနှင့် စပါးအထွက်နှုန်းကောင်းခြင်း၊ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးထားသောစပါးခင်းများအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် အလွယ်တကူရိတ်သိမ်းနိုင်ခြင်း စသည့်အကျိုးကျေးဇူးများရရှိကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ဟိန်းထက်လင်း(ပြန်/ဆက်)