ပွင့်ဖြူ ဇူလိုင် ၂၄
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဥယျာဉ်ခြံမြေများနှင့် နေအိမ်ဝိုင်းများအတွင်း မြေကွက်လပ်များတွင် တစ်ပိုင်တစ်နိုင် နဂါးမောက်သီးနှံစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသူများ ဖြစ်ထွန်းအောင်မြင်ပြီး မိသားစု အပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံက သိရသည်။
နဂါးမောက်သီးနှံသည် ကျန်းမာရေးနှင့်ညီညွတ်သော သီးနှံဖြစ်သည့်အတွက် ပြည်သူများက အကြိုက်တွေ့ ဝယ်ယူ စားသုံးကြကြောင်း၊ နဂါးမောက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းသည် ရာသီဥတုစိုစွတ်အေးမြသောနေရာတွင်သာ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းမှုရှိကြောင်း၊ စိုက်ပျိုးပြီးတစ်နှစ်အကြာတွင် ရောင်းတန်းဝင် နဂါးမောက်သီးများကို စတင်ဆွတ်ခူးရောင်းချရကြောင်းနှင့် တစ်နှစ်လျှင် ငါးကြိမ်ခန့် အသီးများ လှိုင်လှိုင်သီးကြောင်း၊ ရောင်းချရာ၌ ဈေးနှုန်းအနေဖြင့် အလုံးအကြီး၊ အသေးပေါ် မူတည်ပြီး အလုံးကြီးပါက တစ်လုံးလျှင် ငွေကျပ် ၁၀၀၀ ခန့် ရောင်းချရပြီး အလုံးသေးပါက တစ်လုံးလျှင် ငွေကျပ် ၇၀၀၊ ၈၀၀ နှုန်း ရောင်းချရကြောင်း ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်မှ တစ်ပိုင်တစ်နိုင် နဂါးမောက်သီးနှံစိုက်ပျိုးသည့် ဒေသခံတောင်သူတစ်ဦးက ပြောသည်။
နဂါးမောက်သီးနှံစိုက်ပျိုးရေးလုပ်ငန်းသည် နှစ်ရှည်သီးနှံဖြစ်၍ ဂရုတစ်စိုက် ပြုစုပျိုးထောင်စိုက်ပျိုးပါက မိသားစုဝင်ငွေ တိုးပွားစေမည့် စိုက်ပျိုးလုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ စိုက်ပျိုးရာတွင် အတန်းလိုက်စိုက်ပျိုးရပြီး တစ်ပင်နှင့် တစ်ပင် အနည်းဆုံး ခြောက်ပေကွာ စိုက်ပျိုးလေ့ရှိကြောင်း၊ အသီးအပွင့်များ စတင်ထွက်ရှိလာပါက စင်များပြုလုပ်ပေးရကြောင်း၊ နဂါးမောက်သီးတွင် အဖြူသီးနှင့် အနီသီး ဟူ၍ (၂)မျိုးရှိပြီး အဖြူသီးသည် ချိုပြီးအရသာရှိကာ အနီးသီးသည် ကျန်းမာရေးအတွက် ဆေးဘက်ဝင်၍ ပုံမှန်မှီဝဲ စားသုံးပါက အစာချေဖျက်အားကောင်းပြီး ဆီး၊ ဝမ်းမှန်စေသည့်အပြင် သွေးတိုး၊ ဆီးချိုရောဂါရှိသူများ စားသုံးပါက ကျန်းမာရေးကောင်းမွန်စေကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)