ပိုင်ကျုံမြို့၌ ဓာတ်အားပြတ်တောက်မှု မရှိစေရေးအတွက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်

ပိုင်ကျုံ ဇူလိုင် ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်ပိုင်ကျုံမြို့ မြန်မာ့လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများတို့မှ မိုးရာသီကာလများတွင် သဘာဝဘေးဒဏ်များကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုမရှိစေရန် ကြိုတင်ကာကွယ်ခြင်း၊ စစ်ဆေးပြုပြင်ထိန်းသိမ်းခြင်းနှင့် ဓာတ်တိုင်အသစ် လဲလှယ်ခြင်းလုပ်ငန်းများကို အစဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းကို ပိုင်ကျုံမြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့လျှပ်စစ်မှူး ဉီးသီဟဉီးစီးသော ဝန်ထမ်းများသည် ဓာတ်အားခွဲရုံသို့ သွယ်တန်းထားသော 33 KV ဓာတ်အားလိုင်း၊ ကျေးရွာ များသို့ဖြန့်ဝေသော 11 KV ဓာတ်အားလိုင်းများတစ်လျှောက် ကြည့်ရှုစစ်ဆေးကာ လိုအပ်သောနေရာများတွင် ဓာတ်ကြိုးများ/ဓာတ်တိုင်များ အသစ်လဲလှယ်တပ်ဆင်ခြင်း၊ ဓာတ်တိုင်များ  ကြံ့ခိုင်မှုရှိ/မရှိ စစ်ဆေးခြင်း၊ ဓာတ်အားလိုင်းကြိုးများအား အနှောက်အယှက်ဖြစ်စေသော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ချုံနွယ်များ ဓာတ်တိုင်ပေါ်သို့ ရစ်ပတ်မှု မရှိအောင် ရှင်းလင်းခြင်းလုပ်ငန်းကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်

ထိုသို့ဆောင်ရွက်ခြင်းကြောင့် ပြည်သူများ လျှပ်စစ်အန္တရာယ် မကျရောက်အောင် ကြိုတင်ကာကွယ်နိုင်ည့်အပြင် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုကို လျှော့နည်းစေပြီး လျှပ်စစ်ဓာတ်အားများ စဉ်ဆက်မပြတ် ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)