ငွေဆောင် အောက်တိုဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင်းနေထိုင်ကြသော ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် နေအိမ်ပြင်ပသွားလာ၍ အလုပ်လုပ်နေကြသူများ၊ ကျန်းမာရေး ကိစ္စဖြင့် မဖြစ်မနေ သွားလာနေကြသူများနှင့် စျေးဝယ်ထွက်ကြသူများအား နှာခေါင်းစည်းများ တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးကြပ်မတ်ခြင်းနှင့် အသိပညာပေးခြင်းများကို ယနေ့နံနက် ၈ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ငွေဆောင်မြို့အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏဝင်းနှင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ မြို့တွင်းရှိ အ.ထ.က ငွေဆောင်ကျောင်းရှေ့နှင့် မြို့အဝင် ဂိတ်တို့တွင် အဖွဲ့(၂)ဖွဲ့ခွဲကာ အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေ၊ နေအိမ်ပြင်ပ ထွက်ခွာသူများအား ပါးစပ်၊ နှာခေါင်းစည်းများ တပ်ဆင်ခြင်း ရှိ/မရှိစစ်ဆေး ကြပ်မတ်ခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် နှာခေါင်းစည်း တပ်ဆင်ထားခြင်းမရှိသည့် ပြည်သူများ၏ ကိုယ်ရေးအချက်အလက်များ မှတ်တမ်းရယူကာ ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး နောက်တစ်ကြိမ် ထပ်မံ တွေ့ရှိပါက အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း အသိပညာပေး၍ နှာခေါင်းစည်း အခမဲ့ပေးကာ တပ်ဆင်စေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မူမူသွင်(ပြန်/ဆက်)