မော်လမြိုင်ကျွန်း ဇူလိုင် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ စက်မှုလယ်ယာဦးစီးဌာန အမှတ် (၅၃) စက်မှုလယ်ယာစခန်းမှ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယနေ့နံနက် ဝက်ကွင်းကျေးရွာအုပ်စု၊ ဝက်ကွင်းကျေးရွာ တောင်သူ ဦးအောင်ဇော်မိုး၏ ကွင်းအမှတ် (၁၂၅၇)၊ ဦးပိုင်အမှတ် (၅/၂၉) ရှိလယ်မြေပေါ်၌ကျင်းပခဲ့သည်။
သရုပ်ပြပွဲတွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာန ဦးစီးအရာရှိ ဦးခိုင်ဟိန်းဇော်က ကောက်စိုက်စက်ဖြင့် မိုးစပါးပျိုးခြင်းအားဖြင့် လုပ်အားခသက်သာခြင်း၊ မျိုးစေ့ ကုန်ကျမှု နည်းပါးခြင်း၊ ပျိုးထောင်ဧရိယာ အနည်းငယ်သာလိုအပ်ခြင်း၊ သန်မာ၍ ရောဂါကင်းသော ပျိုးပင်များ ရရှိစေခြင်း၊ ကောက်စိုက်ရာတွင်လုပ်သား အင်အားအသုံးပြုမှုနည်းပါးခြင်းနှင့် သက်တောင့်သက်သာစိုက်ပျိုးနိုင်ခြင်း၊ လုပ်ငန်းတွင်ကျယ်၍ ပိုမိုတိုးတက်ပြီးစီးခြင်း၊ လေဝင်လေထွက်ကောင်းခြင်း၊ ကောက်ပင်လှန်ရက်စောင့်ရန်မလိုခြင်း၊ ပင်ပွားနှုန်းကောင်းပြီး စပါးအထွက်နှုန်းကောင်းစေခြင်းနှင့် ကောက်စိုက်စက် အသုံးပြုစိုက်ပျိုးထားသဖြင့် ရိတ်သိမ်းချိန်တွင် ရိတ်စက်၊ ရိတ်သိမ်းခြွေလှေ့စက်များ အလွယ်တကူ ဝင်ရောက်ရိတ်သိမ်းနိုင်ခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း တက်ရောက်လာသော တောင်သူများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါသရုပ်ပြပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟဇော်၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်မောင်သွင်၊ စက်မှုလယ်ယာ ဦးစီးဌာနဦးစီးအရာရှိ ဦခိုင်ဟိန်းဇော်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မျိုးချစ်၊ သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ရှိသူများက တက်ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)