အိမ်မဲ ဇူလိုင် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/သူများ၊ အောင်ချက်အကောင်းဆုံး ကျောင်းများနှင့် ဂုဏ်ထူးရရှိအောင်သင်ကြားပေးခဲ့သော ဆရာ/မ များအားဂုဏ်ပြုဆုချီးမြှင့်ပွဲကို ဇူလိုင်လ (၂၇) ရင်နေ့တွင် ခမ်းနားထယ်ဝါစွာ ကျင်းပမည်ဖြစ်ရာ ယနေ့နံနက် (၁၀) နာရီတွင် ဆွေးနွေးပွဲကျင်းပခဲ့သည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသက်ကိုကိုဦးက ဆုပေးပွဲဖြစ်မြောက်ရေးအတွက် ကော်မတီအသီသီးများကို ဖွဲ့စည်းတာဝန်ပေးအပ်ထားသည်ဖြစ်ရာ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ကြရန်နှင့် လုပ်ငန်းဆောင်ရွက်မည့်အစီအမံများကို ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး ဆုပေးပွဲဖြစ်မြောက်ရေးအတွက် ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်း ဆပ်ကော်မတီဥက္ကဋ္ဌကိုယ်စား ဒုတိယဦးစီးမှူးဦးကျော်မင်းနောင်ကရငွေနှင့် ကော်မတီအလိုက်ကုန်ကျစရိတ်များ၊ အခမ်းအနား ပြင်ဆင်ရေးကော်မတီဥက္ကဌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိဦးမျိုးဇော်က အခမ်းအနားပြင်ဆင်ဆောင်ရွက်ထားရှိမှုများအကြောင်း၊ ဖျော်ဖြေဧည့်ခံရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးဦးစတင်မျိုးလွင်က အက၊ အလှသီချင်းများဖြင့်ကပြဖျော်ဖြေမည့်အကြောင်းတို့ကို အသီးသီးရှင်းလင်းပြောကြားခဲ့သည်။
အိမ်မဲမြို့နယ်တွင် ၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ၌ စာစစ်ဌာန(၈)ခုမှ ဖြေဆိုသူ စာရင်းရှိ (၇၃၀) ဦး၊ ဝင်ရောက်ဖြေဆိုသူ (၆၈၉) ဦး၊ အောင်မြင်သူ (၅၁၀)ဦးရှိကာ (၆)ဘာသာဂုဏ်ထူးရှင် (၁) ဦး၊ (၄) ဘာသာဂုဏ်ထူးရှင် (၆) ဦး၊ (၃) ဘာသာဂုဏ်ထူးရှင် (၈၉)ဦး၊ (၂) ဘာသာဂုဏ်ထူးရှင် (၈၂)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၁၂၆) ဦး၊ ရိုးရိုးအောင်မြင်သူ (၂၀၆) ဦးရှိ၍ အောင်မြင်မှုရာခိုင်နှုန်း ( ၇၄.၀၂) ရှိကြောင်းသိရသည်။
ချစ်သက်လယ်
အိမ်မဲ (ပြန်/ဆက်)