ဗန်းမောက် ဇူလိုင် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ “လောကဓံဆိုတာ ချိုနဲ့လား”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယမန်နေ့နေ့လည် (၁)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ဝန်ထမ်းများအနေဖြင့် အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရန်၊ စာပေ ဖတ်ရှုခြင်းဖြင့် အတွေးအခေါ်ဗဟုသုတများ ရရှိလာစေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြား နိုင်စေရန်နှင့် အပြန်အလှန်ပြောဆို ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ ရုံးတွင်းဝန်ထမ်းများ စာဖတ်ဝိုင်းများကို ကျင်းပဆောင်ရွက်ပေးနေတာဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မေသူဟန်က ပြောကြားပြီး စာရေးဆရာ သတိုးနွယ်ရေးသားထားသည့် “လောကဓံဆိုတာချိုနဲ့လား” စာအုပ်ပါ အကြောင်းအရာများဖြစ်သည့် အောင်မြင်ချင်တဲ့သူဟာ အကြိမ်တစ်ရာ လေ့ကျင့်ရမှာကို မကြောက်သင့်ကြောင်း၊ ရန်သူပီသရင် သိပ်ပြီးကြောက်စရာမကောင်းပေမဲ့ မိတ်ဆွေဟန် ဆောင်ထားတဲ့ရန်သူသည် အလွန်တစ်ရာကြောက်စရာကောင်းပါကြောင်း၊ ဓားတွေသည် သွေးမှသာ ထက်ပါကြောင်း အလာတူပင် လူတိုင်လတိုင်းအနေဖြင့်လည်း ကံ၊ ဉာဏ်၊ ဝီရိယကို ကြိုးစားအားထုတ်ပြီး လုပ်ကိုင်ဆောင်ရွက်မှသာ အောင်မြင်မှု ပန်းတိုင်ကို တက်လှမ်းနိုင်မှာဖြစ်ကြောင်း စသည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ရုပ်သံကျွမ်းကျင်-၃ ဦးရဲအောင်က “ကိုယ့်အားကိုယ်ကိုး ခေါင်းစဉ်အကြောင်းအရာများ ကိုလည်းကောင်း၊ လုပ်သားရုပ်သံ ဒေါ်ပြည့်ဖြိုးကြွယ်က ကိုယ်ကကောင်းမှ သူကပေါင်းမယ်နှင့် ရုံးအကူ ဒေါ်ချစ်စုငယ်က စွမ်းရာကနေစပါ ခေါင်းစဉ်ပါ အကြောင်းအရာများအား လည်းကောင်း အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မေသူ(ဗန်းမောက်)