တိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြခရိုင်အတွင်းရှိ Gasifier ဖြင့် ဆန်စက် လည်ပတ်နေမှု များအား ကြည့်ရှုစစ်ဆေး

ပုသိမ် ဇူလိုင် ၂၄

ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက မြောင်းမြခရိုင် အတွင်းရှိ Gasifier ဖြင့် ဆန်စက်လည်ပတ်နေမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြောင်းမြမြို့၊ ခိုင်ရတနာ ဆန်စက်သို့ သွားရောက်ခဲ့ရာ တာဝန်ရှိသူများက စပါးခွံလောင်စာသုံး Gasifier ဖြင့် စက်ရုံ လည်ပတ်မှုအခြေအနေများ၊ Gasifier စနစ်မှထွက်ရှိသည့် ရေဆိုးများအား ရေစစ်ကန် စနစ်ဖြင့်ဆောင်ရွက်ထားရှိမှုများအား လိုက်လံရှင်းလင်းပြသမှု ကြည့်ရှုစစ်ဆေးခဲ့ပြီး ဌာနဆိုင်ရာများ၊ ဆန်စက်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ “တိုင်းဒေသကြီးအတွင်း၌ Gasifier ဖြင့် လည်ပတ်သည့်စက်ရုံ ၅၀၀ခန့်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် Gasifier အများဆုံး အသုံးပြုသည့် တိုင်းဒေသကြီးဖြစ်ပြီး လျှပ်စစ်လိုအပ်ချက်အတွက် တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆန်စက်များ အနေဖြင့်  Gasifier အသုံးပြုလည်ပတ်၍ ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်သည်ကို တွေ့မြင်ရမှာဖြစ်ပြီး Gasifier အသုံးပြုလည်ပတ်သည့် ဆန်စက်များအနေဖြင့်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးကိုလည်း အထူးအလေးထား လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း” အမှာစကားပြောကြားသည်။ ယင်းနောက် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက Gasifier အသုံးပြုသူများအနေဖြင့် လိုက်နာရမည့်အချက်များအား ဆက်လက်ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဝါးခယ်မမြို့၊ တော်ဝင်ဆန်စက်(၂) သို့ သွားရောက်ခဲ့ရာ စပါးခွံလောင်စာသုံး Gasifier ဖြင့် စက်ရုံလည်ပတ်မှု အခြေအနေများ၊ Gasifier စနစ်မှ ထွက်ရှိသည့် ရေဆိုးများအား ရေစစ်ကန် စနစ်ဖြင့် ဆောင်ရွက်ထားရှိမှုအခြေအနေများအား  တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က Gasifier စနစ်ဖြင့် ဆန်ကြိတ်ခွဲမှုလုပ်ငန်း အဆင့်ဆင့်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အိမ်မဲမြို့၊ သီရိဇေယျာအောင်ဆန်စက်သို့ သွားရောက်ခဲ့ရာ  စပါးခွံလောင်စာသုံး Gasifier ဖြင့်စက်ရုံလည်ပတ်မှုအခြေအနေများ၊ Gasifier စနစ်မှထွက်ရှိသည့် ရေဆိုးများအား ရေစစ်ကန် စနစ်ဖြင့် ဆောင်ရွက်ထားရှိမှု အခြေအနေများအား  တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က Gasifier စနစ်ဖြင့် ဆန်ကြိတ်ခွဲမှုလုပ်ငန်းအဆင့်ဆင့်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။ ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က Gasifier စနစ်မှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများသည် သဘာဝပတ်ဝန်းကျင်အား ထိခိုက် ညစ်ညမ်းမှုမရှိစေရန်နှင့် သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများနှင့်အညီ လည်ပတ် မောင်းနှင်ရန်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန တို့မှကွင်းဆင်းစစ်ဆေးခဲ့ပြီး အကြံပြုချက်များအပေါ်  စနစ်တကျ လိုက်နာဆောင်ရွက်စေရန်နှင့် လေထုညစ်ညမ်းမှု မရှိစေရေး၊ စွန့်ပစ်ပစ္စည်းများမှ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး စနစ်တကျ ဆောင်ရွက်ကြရန်၊ ပိုမိုကောင်းမွန်သည့် ရေသန့်စင်စနစ်များ အသုံးပြုစေရေး မှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အိမ်မဲမြို့နယ် အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပြည်တန်ခန်းမ၌ ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော သွင်းအားစုပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်၍ “စိုက်ပျိုးရေးရာသီချိန်ဖြစ်၍ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုများ တောင်သူများထံသို့ ထောက်ပံ့ပေးအပ်လျက် ရှိပါကြောင်း၊ တစ်ဧက(၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေးအတွက် မျိုးပြောင်းလဲ စိုက်ပျိုးခြင်း၊ စိုက်ပျိုးရေးနည်းပညာများ ပြောင်းလဲခြင်း၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လာမည့်နှစ်တွင် စိုက်ဧကများအားလုံး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)အပြည့်အဝထည့်သွင်း စိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊ ရာသီဥတု ဖောက်ပြန်မှုများရှိလာနိုင်၍ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဂရုပြုစိုက်ပျိုးရန်လည်း လိုအပ်ပါကြောင်း၊ ပန်းတိုင်အထွက်နှုန်းများ ရောက်ရှိရန်လည်း တောင်သူများကလည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း အမှာစကားများ ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းရင်းသားရေးရာဝန်ကြီးတို့က တောင်သူများ ထံသို့ သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် အခမ်းအနားသို့ တက်ရောက်လာသော တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)