နတ်မောက် ဇူလိုင် ၂၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community centre အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က Youth Club နှင့် ပူးပေါင်း၍ မောင်မင်းစိုးရဲ့ “လူငယ်နဲ့အပြောင်း အလဲ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က လူ့စွမ်း၊ ဉာဏ်စွမ်းပြည့်ဝရန်နှင့် အကျင့်စာရိတ္တကောင်းမွန်ရန် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ပြန်လည်ဆွေးနွေးတတ်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများကျင်းပရခြင်းဖြစ်ပါ ကြောင်း၊ ဆက်လက်ပြီး မောင်မင်းစိုးရဲ့ လူငယ်နဲ့ အပြောင်းအလဲစာအုပ်ထဲမှ “လူငယ်နဲ့သိစိတ်” ခေါင်းစဉ်အားဆွေးနွေးရာတွင် မိမိတို့အနေဖြင့် အကြောင်းအကျိုး၊ အကောင်းအဆိုးကို မှန်ကန်စွာဝေခွဲနိုင်မှ လူပီသမည်ဖြစ်ပါကြောင်း၊ လူဆိုသည်မှာ လုပ်သင့်တာ၊ မလုပ်သင့်ဆိုတဲ့ ကုသိုလ်၊ အကုသိုလ်ကို ဝေဖန်ပိုင်းခြားသိမြင်နိုင်မှ လူလို့ဆိုနိုင်ပါကြောင်း၊ ဒါကြောင့် လူသားဘဝကို ကောင်းမွန်စွာနားလည်ပြီး လူစိတ်ရှိကြဖို့လိုအပ်ပါကြောင်း၊ အချိန်နဲ့ဒီရေဟာ လူကိုမစောင့်ဆိုသလို ကုန်ဆုံးနေတဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို အဓိပ္ပါယ်ရှိရှိ အသုံးချနိုင်ဖို့ လိုအပ်ပါကြောင်း၊ ယနေ့ လူငယ်များအနေဖြင့် ပွင့်လင်းတဲ့ အပြုသဘောဆောင်ပြီး ခိုင်မာတဲ့ အတွေးအခေါ်များနဲ့ ဘဝကို ဖြတ်သန်းသွားရမှာဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ ဒေါ်သင်းသင်းဝေ(ဒု-ဦးစီးမှူး)က“ လူငယ်နဲ့ ပရဟိတစိတ်” ခေါင်းစဉ်ထဲမှ လူတိုင်း ကိုယ်ချင်းစာစိတ်တွေ ကိန်းအောင်နေမယ်ဆိုရင် ပျော်စရာကောင်းမှာဖြစ်သလို၊ ငြိမ်းချမ်းမှု ဆီကိုလည်း ရောက်ရှိမှာဖြစ်ပါကြောင်း၊ လူသားအသိစိတ်ဓာတ်နဲ့ ရက်ဖောက်ထားတဲ့ အသိဉာဏ်တွေနဲ့ နေထိုင်နိုင်မှသာ တကယ့်လူသားတစ်ယောက် ပီပီသသဖြစ်နေမှာဖြစ်တာကြောင့် ကိုယ်ချင်း စာစိတ်နဲ့ ပရဟိတအကျိုးကိုလည်း စွမ်းစွမ်းတမံတည်ဆောင်နိုင်ဖို့လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းသို့ Youth Club လူငယ်များ၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ (၄၇)ဦးတက်ရောက်ခဲ့သည်။
မူမူစန်း