ဆိပ်ဖြူ အောက်တိုဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော် မတီက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပွဲကို အောက်တိုဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ငွေသဲဖြူ) ခန်းမ၌ ကျင်းပ ပြုလုပ်သည်။
အဆိုပါ ပေးအပ်ပွဲအခမ်းအနားတွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဟန်က အမှာစကားပြောကြားရာတွင် ဆိပ်ဖြူမြို့နယ်တွင် ယခင်ကလည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပေးအပ်လှူဒါန်းထား သူများလည်း ရှိခဲ့ပြီး ယခုအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်းသည် ပထမဆုံး အကြိမ်ဖြစ်ပါကြောင်း၊ မိမိ မြို့နယ်အတွင်း ယနေ့အချိန်အထိ ရောဂါကူးစက်ပြန့်ပွားမှုမရှိခြင်းသည် ဒေသခံပြည်သူများ၊ လူမှုရေးအဖွဲ့များနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင် ဆောင်ရွက်ကြလို့ ဖြစ်ပါကြောင်း၊ အလှူရှင်များလှူဒါန်း ထားရှိသည် များကိုလိုအပ်သည့်နေရာများတွင် စနစ်တကျ သုံးစွဲရေးနှင့် အရေးပေါ် ဖြစ်ပေါ်မှသာ သုံးစွဲသွားရေးညှိနှိုင်းပြောကြားထားပါကြောင်း၊ မိမိတို့မြို့နယ် အတွင်း ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေပါကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီဝင်များက အလှူရှင်များ၏ လှူဒါန်းငွေများကိုလက်ခံရယူပြီး ဂုဏ်ပြုမှတ် တမ်းလွှာများ အသီးသီးပေးအပ်ခဲ့ကြသည်။
အဆိုပါ လှူဒါန်းပွဲတွင် မြို့နယ်ပညာရေးဌာန၊ လမ်းဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ပုဂ္ဂလိကအလှူရှင် ၃ ဦးတို့က မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် မတည်လှူဒါန်းငွေအဖြစ် စုစုပေါင်း ငွေကျပ် -၂၁၂၈၀၀၀ ကို ကိုဗစ် -၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံ ပေးအပ်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
ကိုမျိုး(ယောဧရာ)