ထားဝယ်မြို့တွင် ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရန်အတွက် GIS နည်းပညာဖြင့် Census Units များ ရေးဆွဲခြင်းလုပ်ငန်း သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ထားဝယ် ဇူလိုင် ၂၄

၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရန်အတွက် GIS နည်းပညာဖြင့် Census Units များ ရေးဆွဲခြင်းလုပ်ငန်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးသန့်ဇင်က ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို လုပ်ငန်းစဉ် (၄) ခုနှင့်အကောင်အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပြီး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို  ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ကတည်းက စတင်ဆောင်ရွက်လျက်ရှိကြောင်း၊ သန်းခေါင်စာရင်းလုပ်ငန်းစဉ် တစ်ခုလုံးအနေဖြင့် စုစုပေါင်း (၅၄) လခန့် ကြာမြင့်မှာဖြစ်ကြောင်း၊ ဒါ့အပြင်၂၀၂၄ သန်းခေါင်စာရင်းလုပ်ငန်း အသေးစိတ်စီမံချက်ရေးဆွဲခြင်း၊ သန်းခေါင်စာရင်း မေးခွန်းပုံစံများပြုစုခြင်း၊ Mobile Tablet အသုံးပြုပြီး စာရင်းကောက်ယူရာမှာ အသုံးပြုမည့် CAPI Software ရေးဆွဲခြင်းတို့ကိုလည်း ပြည်သူ့အင်အားဦးစီးဌာနက ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ် မေလမှအောက်တိုဘာလအထိ တိုင်းဒေသကြီး/ပြည်နယ်များတွင် သန်းခေါင်စာရင်းယူနစ်များ (Census Units) ရေးဆွဲခြင်းလုပ်ငန်းကို စီမံချက်ရေးဆွဲပြီး ဆောင်ရွက်လျက်ရှိကြောင်း၊  Census Units များ ရေးဆွဲခြင်းဖြင့် စာရင်းကောက်ယူရမည့်ဒေသများ၊ လူနေထိုင်သော အိမ်ထောင်စုများ ထပ်ခြင်း၊ ကျန်ခြင်းများမရှိစေခြင်း၊ သန်းခေါင်စာရင်း၏ အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် လွယ်ကူအဆင်ပြေစေခြင်း၊ မြို့ပြရပ်ကွက်များတွင် နယ်နိမိတ်တိကျ မှန်ကန်သော စာရင်းကောက်ကွက်များ ပိုင်းခြားသတ်မှတ်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမှာဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သော အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သောကြောင့်မိမိတို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အဓိကတာဝန်ယူ ဆောင်ရွက်ရသော လုပ်ငန်းတစ်ခုဖြစ်ပြီး ဗဟိုသန်းခေါင်စာရင်းကော်မရှင်နှင့် ဗဟိုသန်းခေါင်စာရင်းကော်မတီတို့၏ လမ်းညွှန်ချက်နှင့်အညီ မြေပြင်မှာဆောင်ရွက်ရမည့်လုပ်ငန်းများကို အင်တိုက်အားတိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက်ပြည်သူ့အင်အားဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဖြိုးကျော်က ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရန်အတွက် GIS နည်းပညာဖြင့် Census Units များရေးဆွဲခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသော သင်တန်းသားများက သိရှိလိုသည်များကို မေးမြန်းရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။

သင်တန်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သင်တန်းသားခရိုင်/မြို့နယ်ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ပြီး မြိတ်နှင့်ကော့သောင်းခရိုင် ဝန်ထမ်းများက ZOOM application ဖြင့် တက်ရောက်ခဲ့ကြောင်း သတင်းရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)