ကျောက်ကြီးမြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာထားရှိမှုနှင့် မဲရုံပြုလုပ်မည့် နေရာများအား မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကွင်းဆင်းကြည့်ရှုစစ်ဆေး

                                                                                                                                                                                                                ကျောက်ကြီး အောက်တိုဘာ ၁၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများ၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ဆန္ဒမဲပေးနိုင်ရန်အတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာ ထားရှိမှုနှင့် မဲရုံပြုလုပ်မည့် နေရာများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်ကြီးမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင်​ အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်နေ့အထိ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာ ဆောင်ရွက်ထားရှိမှုအား ပြည်သူများ လာရောက်ကြည့်ရှုမှုအခြေအနေ၊ မဲစာရင်း အချက်အလက်များ မှန်/မမှန် စစ်ဆေးခြင်းနှင့် သတ်မှတ်ပုံစံများဖြင့် ပြင်ဆင်ဆောင်ရွက်ထားရှိ မှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မဲရုံအဖြစ် ပြုလုပ်ဆောင်ရွက်မည့် ကျောင်းများ၊ စာသင်ခန်းများ အား မိုးလုံလေလုံရှိ/မရှိ၊ နေရာအကျယ်အဝန်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရမည့် နေရာ အနေအထား၊ အခြေအနေများကို ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပြီး လိုအပ်ချက်များကို အကြံပြု ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။

K ခိုင် ပြန်/ဆက်