ဇီးကုန်း ဇူလိုင် ၂၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပင် နေဗီယာမြက်စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖတ်ပြုလုပ်နည်းသင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီလတ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်မင်းဦးက သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်၊ အသုံးဝင်ပုံနှင့် စိုက်ပျိုးထားရှိမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး သင်ထောက်ကူပစ္စည်းများအား ပေးအပ်ခဲ့သည်။
ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်မင်းဦးက သင်တန်းအား ပို့ချခဲ့ရာ ဇီးကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား(၂၁)ဦး တက်ရောက်ခဲ့သည်။ သင်တန်းတွင် နေဗီယာမြက် စိုက်ပျိုးထုတ်လုပ်ပုံအဆင့်ဆင့်၊ မြက်ချဉ်ဖတ်ပြုလုပ်ပုံအဆင့်ဆင့်တို့ကို စာတွေ့လက်တွေ့ နှစ်ရက်တာသင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် နေဗီယာမြက်တွင် ပရိုတင်းဓာတ်ကပေါကြွယ်ဝပြီး ကြက်၊ ဘဲ ဝက်၊ ဆိတ်၊ နွားမျာကို ကျွေးမွေးနိုင်ကြောင်း၊ ကြီးထွားနှုန်းမြန်ဆန်ပြီး အစာကုန်ကျစရိတ်သက်သာကြောင်း၊ မြို့နယ်အတွင်း လယ်ယာမြေမဟုတ်သော ဥယျာဉ်ခြံမြေနှင့် မြေလွတ်များတွင်စိုက်ပျိုးထားရှိပြီး၊ ဧက(၇၀)ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးပြီး ၄၅ ရက်ဆိုလျှင် ရိတ်သိမ်းကျွေးမွေးနိုင်ပြီဖြစ်ကြောင်းတို့ကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်မင်းဦးထံမှ သိရသည်။
တင့်ဆွေ(ပြန်ဆက်)