အုတ်တွင်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်နှစ်လုံးပျက်စီး

အုတ်တွင်း ဇူလိုင် ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ယမန်နေ့ညက မိုးသည်းထန်စွာ ရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်သစ်ကိုင်းများကျိုးကျ၍လူနေအိမ်နှစ်လုံးပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ သဘာဝဘေးဒဏ်ကြောင့် ကြွယ်ဂံကျေးရွာအုပ်စု ကြွယ်ဂံကျေးရွာနေဦးကျော်ဝေ၏ နေအိမ်နှင့်ဦးမျိုးမင်းထွန်းတို့၏နေအိမ်များလေပြင်းတိုက်၍ သစ်ပင်သစ်ကိုင်းများကျိုးကျသဖြင့် သွပ်(၁၂)ချပ်၊ ဒိုင်းမြားသုံးချောင်း၊ လက်ခံတိုင်(၅)ပေပတ်လည်တစ်ချောင်းတို့ ကျိုးကျပျက်စီးခဲ့ပြီး စုစုပေါင်းကျပ်(၂၃၀၀၀၀)ပျက်စီးဆုံးရှုံးခဲ့သည်။

ထိုဖြစ်စဉ်ကြောင့် နေအိမ်ပေါ်သို့လဲကျနေသော သစ်ပင်သစ်ကိုင်းများအား ကြွယ်ဂံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များက ခုတ်ထွင်ရှင်းလင်းပေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အေမင်းရည်စော(ပြန်/ဆက်)