ဖျာပုံ အောက်တိုဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် "အမေ" သစ်အဟောင်းရောင်းဝယ်ရေး၊ ကိုတင်သန်းနှင့်ညီများမိသားစုမှ Stay at Home ကာလအတွင်း မြို့ပေါ်ရပ်ကွက်အတွင်းရှိ၊ ဆင်းရဲ နွမ်းပါးသူ အိမ်ထောင်စု(၃၆၀)အား တစ်စုလျှင် အချွန်ဆန်(၁၀)ပြည်နှုန်းဖြင့် လိုက်လံဝေငှခြင်းကို ယနေ့နံနက်ပိုင်းက လိုက်လံဝေငှ လှူဒါန်းပေးကြသည်။
အဆိုပါလှူဒါန်းမှုများ နှင့်ပတ်သက်၍ "အမေ"သစ်အဟောင်းရောင်းဝယ်ရေးမှ အလှူရှင် ဦးတင်သန်းက "ဖျာပုံမြို့နယ်ဟာ Stay at Home သတ်မှတ်ထားသည့် မြို့နယ်များတွင် ပါဝင်ခြင်းကြောင့်၊ မြို့နယ်အတွင်းရှိ မရှိဆင်းရဲနွမ်းပါးသူများ အနေဖြင့် စားဝတ်နေရေး အခက်အခဲများ ဖြစ်ပေါ် လျက်ရှိကြောင်းကြားသိရ၍ ယခုကဲ့သို့ အိမ်ထောင်စုတစ်စုလျှင် ဆန်(၁၀) ပြည်နှုန်းဖြင့် မြို့ပေါ် ရပ်ကွက်များသို့ ကိုယ်တိုင်လိုက်လံကြည့်ရှုပြီး၊ သုံးဘီးဆိုင်ကယ်များဖြင့် ကိုယ်တိုင်ကိုယ်ကျ လိုက်လံဝေငှ လှူဒါန်းရခြင်းဖြစ်ကြောင်း"ပြောကြားသည်။
ဖျာပုံမြို့နယ်အနေဖြင့် နိုင်ငံတော်အစိုးရမှ ကိုဗစ်ထောက်ပံ့ငွေများကိုလည်း ထောက့်ပံပေးလျက်ရှိပြီး၊ မြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးအဖွဲ့အစည်းများမှ စားသောက်ကုန်ပစ္စည်းများကို တတ်နိုင်သ၍ လှူဒါန်းပေးလျက်ရှိပြီး၊ ဖျာပုံမြို့နယ် ဆန်စက်၊ ဆန်ကုန်သည်ကြီးများ အသင်းမှလည်း ဆန်စျေး နှုန်းကြီးမြှင့်မှု မရှိစေရန်အတွက် အချွန်ဆန်တစ်ပြည်ကို (၁၀၀၀)ကျပ် နှုန်းဖြင့် ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းနိုင် ၊ခရိုင်(ပြန်/ဆက်)