ကန့်ဘလူမြို့၌ လူငယ်နှင့်အကောင်းဆုံးဘဝကို တည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကျင်းပ

ကန့်ဘလူ ဇူလိုင် ၂၄

မျိုးဆက်သစ်လူငယ်လူရွယ်များ အတွေးအမြင်၊ အယူအဆများ မှန်ကန်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားရန်နှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရည်ရွယ်၍ စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသည့် လူငယ်နှင့်အကောင်းဆုံးဘဝကို တည်ဆောက်ခြင်းစာအုပ်မှ ဆောင်းပါးများအား စာပေဝါသနာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်း လင်းပြောကြားခဲ့သည်။

ဆက်လက်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ လူငယ်နှင့် အကောင်းဆုံးဘဝကို တည်ဆောက်ခြင်း စာအုပ်မှ လူမျိုးမြင့်ဖို့ စာဖတ်စို့ ဆောင်းပါးကို Grade-10 ကျောင်းသား မောင်ကောင်းထက်သူ၊ မသန့်စင်သူထွန်း၊ မစုပုံချစ်နှင့် မောင်နေတိုးအောင်တို့ကလည်းကောင်း၊ လူငယ်နှင့်အမြင် ဆောင်းပါးကို မောင်စက်ဖြိုးဝေသက်နှင့် မစံပြည့်မေတို့ကလည်းကောင်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တက်ရောက်လာသော စာပေဝါသနာရှင်များက ကျောင်းသား၊ ကျောင်းသူများ၏ ဆွေးနွေးမှုများအပေါ်  ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)