ကျိုက်လတ် ဇူလိုင် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ရွှေဧရာအောင် အားကစားခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီက ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံး ကျောင်းများနှင့် ဂုဏ်ထူးရအောင် သင်ကြားပေးခဲ့သည့် ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းက ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယခုကဲ့သို့ အောင်မြင်မှုများရရှိအောင် တပည့်ကောင်းဖြစ်အောင် ကြိုးစားခဲ့ကြသကဲ့သို့ နောင်အနာဂါတ်တွင်လည်း မိမိရပ်ရွာဒေသ၊ မြို့နယ်၊ ခရိုင်၊ တိုင်းနှင့် မိမိနိုင်ငံတော်က အားကိုးအားထား ပြုရသည့်သူများဖြစ်ပြီး တိုင်းပြည် ပိုမိုတိုးတက်အောင် ဦးဆောင်နိုင်သည့်သူများ ဖြစ်လာအောင် ဆက်လက် ကြိုးစားကြစေလိုကြောင်း ထည့်သွင်းပြောကြားသွားခဲ့သည်။ ထို့နောက် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံး ကျောင်းများနှင့် ဂုဏ်ထူးရအောင် သင်ကြားပေးခဲ့သည့် ဆရာ၊ ဆရာမများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူးဒေါ်အေးမြင့်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့် အလှူရှင်များက ဆုများအသီးသီး ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများ ကိုယ်စား (၄)ဘာသာဂုဏ်ထူးရှင် မောင်ခန့်နေလင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ကျိုက်လတ်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန(၅)ခုမှ ဝင်ရောက် ဖြေဆိုသူ (၇၀၃)ဦး၊ အောင်မြင်သူ (၄၃၃)ဦးနှင့် အောင်ချက်ရာခိုင်နှုန်း (၆၁.၅၉)ရှိပြီး လေးဘာသာ ဂုဏ်ထူးရှင် (၄)ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် (၃၇)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၅၆)ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် (၈၇)ဦး ရှိကြောင်း သိရသည်။
ရီရီမြင့်