မြို့သစ်မြို့၌ ခရမ်းချဥ်သီးစျေးတစ်ထောင့်ငါးရာကျပ်ဖြင့် အတက်အကျမရှိ ရပ်တန့်နေ

မြို့သစ် ဇူလိုင် ၂၄

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားပြီးလုပ်ကိုင်ကြပြီး မြို့နယ်အတွင်းမှ တောင်သူများသည် "ပဲ၊ ပြောင်း၊ စပါး၊ နှမ်းနှင့် မြေပဲ"တို့နှင့်အတူ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဥ်သီးကိုလည်း တွဲဖတ်စိုက်ပျိုးခဲ့ရာ ခရမ်းချဉ်သီးဈေးများတစ်ထောင့်ငါးရာကျပ်ဖြင့် အတက်အကျမရှိ ရပ်တန့်နေကြောင်း မြို့သစ်မြို့နယ်အတွင်းမှ ခရမ်းချဉ်စိုက်တောင်သူများထံက သိရသည်။

"ခရမ်းချဉ်သီးက မီးဖိုချောင်သုံးစားစရာ ရောင်းကုန်အဖြစ်နဲ့ အဓိကရောင်းချရတာပါ။ စောစောပိုင်းက ခရမ်းချဉ်သီးဈေး ၅၀၀/၁၀၀၀ကျပ်ဈေးကနေ တဖြည်းဖြည်းတက်လာကာ တစ်ပိဿာကို ၂၈၀၀ ကျပ်ဈေးအထိ မြင့်တက်လာခဲ့တာကြောင့် ခရမ်းချဉ်စိုက်တောင်သူတွေ အတော်အဆင်ပြေခဲ့ပါတယ်။ အခုမိုးရာသီခရမ်းချဥ်သီးအသစ်ပေါ်ချိန်မှာ လက်လီဈေးတစ်ပိဿာ ၁ဝဝဝ/၁၅၀၀ကျပ်စျေးနဲ့ ရောင်းချရတဲ့အတွက် ခရမ်းချဉ်စိုက်ပျိုးကြတဲ့ ကျွန်တော်တို့ တောင်သူတွေအနေနဲ့ အရင်းရဖို့ကို အစွမ်းကုန်ကြိုးစားရောင်းချနေကြရပါတယ်" ဟု ခရမ်းချဉ်စိုက်တောင်သူတစ်ဦးက ပြောသည်။

မြို့သစ်မြို့နယ်ရှိ ကျေးရွာများအနက် မြင်သာကျေးရွာ၊ ရေကြည်ပင်ကျေးရွာ၊ ဆင်ဖြူချီကျေးရွာ၊ မြေခြားကျေးရွာတို့တွင် ခရမ်းချဉ်ကို အဓိကထားစိုက်ပျိုးသည့် ဒေသဖြစ်ပြီး မိုးခရမ်းချဉ်၊ ဆောင်းခရမ်းချဉ်၊ နွေခရမ်းချဉ်ဟူ၍ အမျိုးမျိုးစိုက်ပျိုးကြပြီး ယခုမြို့သစ်မြို့ ခရမ်းချဉ်သီးဈေးကွက်တွင် လက်ကားဈေးတစ်ပိဿာကို ၁၅၀၀ ကျပ် ရောင်းချနေရကြောင်း စိုက်ပျိုးလုပ်ကိုင်သူများထံမှ သိရသည်။

"ဒီနှစ်ရာသီအခြားဟင်းသီးဟင်းရွက်ဈေးတွေ ဈေးအကုန် ပြန်တက်ခဲ့ပေမဲ့ ခရမ်းချဉ်သီးတစ်မျိုးတည်းသာ ကျပ် ၂၈၀၀ ဝန်းကျင်ကနေ ၁၅၀၀ ကျပ် ဈေးအထိ ကျသွားခဲ့တာပါ။ အခုရက်ပိုင်း ခရမ်းချဉ်သီးဈေးက တန့်နေတော့ ဈေးတက်လာမလား ဈေးပြန်ကျသွားမလား စိုးတထိတ်ထိတ်ဖြစ်နေတာပေါ့" ဟု မြို့သစ်မြို့နယ်ကျေးရွာများမှ စိုက်ခင်းပိုင်ရှင်တစ်ဦးက ဆက်လက်ပြောသည်။

မိုးတွင်းရာသီမျိုးတွက် မိုးများပြီး ရေဝပ်ရင်လျှင် အပင်ဖြစ်ထွန်းမှုနည်းနဲ့ အပင်ငယ်ငယ်အချိန်တွင် မှိုရောဂါကျရောက်ပြီး ပျက်စီးဆုံးရှုံးမှုများဖြင့် ကြုံတွေ့ရသူတွေရှိသဖြင့် အထူးဂရုစိုက်ပြီး မှိုရောဂါအတွက် ပိုးသတ်ဆေးဖျန်း အပင်ကြီးလာသောအခါတွင်လည်း ရွက်လိပ်ပိုးနှင့် မှိုရောဂါများ ကျရောက်တတ်တာကြောင့် အထူးဂရုပြုစိုက်ပျိုးရပြီး ဝါနေသောအရွက်များနှင့် လိပ်နေသောအရွက်များကို လှီးဖြတ်ပေးရကြောင်းလည်း ခရမ်းချဉ်စိုက်ပျိုးလုပ်ကိုင်သူများထံမှ သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)