ပုသိမ် ဇူလိုင် ၂၄
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့နယ် ကမ်းနီကျေးရွာအတွင်းရှိ ဂျိုးဖြူဆန်စက်အား ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့နယ် ကမ်းနီကျေးရွာအတွင်းရှိ ဂျိုးဖြူဆန်စက်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက စပါးခွံလောင်စာသုံး Gasifier ဖြင့် စက်ရုံလည်ပတ်မှု အခြေအနေများ၊ Gasifier စနစ်မှ ထွက်ရှိသည့် ရေဆိုးများအား ရေစစ်ကန်စနစ်ဖြင့် ဆောင်ရွက်ထားရှိမှု၊ ရေစစ်ကန်မှတဆင့် မြစ်ချောင်းများသို့ တိုက်ရိုက်စွန့်လွှတ်ခြင်းမရှိဘဲ ဗေဒါကန်အတွင်း သိုလှောင်ထားရှိမှုမှ ပြန်လည်သုံးစွဲမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က Gasifier စနစ်မှထွက်ရှိသည့် စွန့်ပစ်ပစ္စည်းများသည် သဘာဝပတ်ဝန်းကျင်အား ထိခိုက်ညစ်ညမ်းမှု မရှိစေရန်နှင့် သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများနှင့်အညီ လည်ပတ်မောင်းနှင်ရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့မှ ကွင်းဆင်းစစ်ဆေးခဲ့ပြီး အကြံပြုချက်များအပေါ် စနစ်တကျ လိုက်နာဆောင်ရွက်စေရန်နှင့် လေထုညစ်ညမ်းမှုမရှိစေရေး၊ စွန့်ပစ်ပစ္စည်းများမှ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး စနစ်တကျဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)