မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့ရသည့် မိသားစုအား ကြက်ခြေနီမှ ထောက်ပံ့ ပစ္စည်းများ ပေးအပ်

သာပေါင်း ဇူလိုင် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျပျက်စီးခဲ့ရသည့် အိမ်ထောင်စုထံ ထောက်ပံ့ပစ္စည်းများအား ဇူလိုင်လ ၂၂ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်က အိမ်တိုင်ရာအရောက် မိသားစုလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဇူလိုင်လ ၁၈ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် အမှတ်(၃)ရပ်ကွက်၊ ကန္နားလမ်းတွင် နေထိုင်သူ ဦးဇင်ဝင်းမောင်နှင့်အတူနေ အသက်(၁၈)အထက် အမျိုးသား(၁)ဦး၊ အမျိုးသမီး (၁)ဦး ပေါင်း(၂)ဦးတို့ နေထိုင်ရာ (ဓနိမိုး၊ ဓနိကာ၊ ဝါးခင်း)၊ (၁၅×၁၅×၁၅) နေအိမ်ပြိုကျပျက်စီးဆုံးရှုံးခဲ့သည့် မိသားစုအတွက် မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ ဒုတိယတပ်ဖွဲ့မှူး ဦးဇော်ဝင်းနိုင်နှင့် ရပ်ကွက်(၃) အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းတို့က ထောက်ပံ့ပစ္စည်းများကို နေအိမ်အရောက် သွားရောက်၍ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ဘေးအန္တရာယ်အမျိုးမျိုးကြောင့် ထိခိုက်ခံစားရသူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးခြင်းဖြစ်ပြီး သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ တာဝန်ယူကာ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်